Connect with us

Economy

(၇) ကြိမ်မြောက် တရုတ် – တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်၊သွင်းကုန် ကုန်စည်ပြပွဲ က မြန်မာနိုင်ငံမှ ထုတ်ကုန်များအတွက် စျေးကွက်အခွင့်အလမ်းကောင်းများရှိဟုဆို

တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့်တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ ဒုတိယနေ့တွင် မြန်မာပြခန်းတွင် လာရောက်ကြည့်ရှုသူများအားတွေ့ရစဉ် (ဓာတ်ပုံ-စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပလျက်ရှိသော (၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်၊သွင်းကုန် ကုန်စည်ပြပွဲ က မြန်မာ့ထုတ်ကုန်များ စျေးကွက်ချဲ့ထွင်ရန် ထူးထူးခြားခြား လမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက ဆင်ဟွာသို့ ပြောသည်။

“မြန်မာနိုင်ငံအနေနဲ့ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနဲ့ တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ ကို နှစ်စဉ်ပါဝင်ပြသခဲ့ပါတယ်။ ကိုဗစ်ကာလမှာတော့ ခဏရပ်ခဲ့ကြတယ်။ အခုကျတော့ မြန်မာနိုင်ငံရဲ့ ပို့ကုန် လုပ်ငန်းရှင်များ အနေနဲ့လည်း ဒီကုန်စည်ပြပွဲမှာ ပါဝင်ပြသဖို့ စိတ်အားထက်သန်ကြတယ်။ မြန်မာနိုင်ငံအနေနဲ့ ပို့ကုန်မြှင့်တင်နိုင်ဖို့အတွက်ကို ကျွန်တော်တို့ ဌာနအနေနဲ့ လည်း ကုန်သည်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ပါဝင်ပြသခဲ့ပါတယ်” ဟု ဒေါက်တာထိန်လင်းက ပြောသည်။
ယခုကျင်းပလျက်ရှိသည့် ကုန်စည်ပြပွဲသည် ဖိုရမ်များလည်းပါသည့်အတွက် ထိုဖိုရမ်များမှတဆင့် စီးပွါးရေးအခွင့်အလမ်းကောင်းများ၊ ဖြေလျှော့မှုများ ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံရောင်းဝယ်ဖောက်ကားမှုများ၊ ကူးလူးဆက်ဆံမှုများ၊ ကုန်ပစ္စည်းများ နိုင်ငံဖြတ်ကျော်တင်ပို့ရောင်းချမှုများတွင် ပိုမိုလွယ်ကူစေရန် ဆောင်ကြဉ်းပေးနိုင်မှုများအား ဖိုရမ်များ၌ ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကုန်စည်ပြပွဲက ဖိုရမ်တွေမှာ ဆွေးနွေးမှုတွေက ကျစ်လစ်ခိုင်မာစွာ အမှီသဟဲပြုပြီး ကောင်းတဲ့ ဘက်ကိုဦးတည်တဲ့ ကုန်စည်ပြပွဲတစ်ခုလို့ မြင်ပါတယ်” ဟု ဒေါက်တာထိန်လင်းက ၎င်း၏အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ ကျင်းပလျက်ရှိသည့် ကုန်စည်ပြပွဲများစွာရှိကြောင်း သိရသည်။
“အဲဒါကတော့ အခုပြောနေတဲ့ တရုတ်-တောင်အာရှကုန်စည်ပြပွဲနဲ့ တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲ ရှိတယ်။နန်နင်းကုန်စည်ပြပွဲ၊ ရှန်ဟိုင်းကုန်စည်ပြပွဲ၊ နယ်စပ်မှာကျင်းပတဲ့ ကုန်စည်ပြပွဲတွေရှိတယ်။ အဲဒီကုန်စည်ပြပွဲတွေမှာ မြန်မာနိုင်ငံက နှစ်စဉ် ဝင်ရောက်ပြသခဲ့ကြပါတယ်။ အဲဒီကုန်စည်ပြပွဲတွေကြောင့် တရုတ်ဈေးကွက်ကိုသာမက အာဆီယံမှာရှိတဲ့ ဈေးကွက်ကိုလည်း Made in Myanmar ဆိုတဲ့ ကုန်ပစ္စည်းတွေကို လူတွေပိုမိုသိရှိစေနိုင်မယ်။ ဈေးကွက် အခွင့်အလမ်းကောင်းတွေရရှိစေနိုင်မယ်။သူများနိုင်ငံက ပြသတဲ့ ကုန်ပစ္စည်းနမူနာတွေကို ကြည့်ရှုအတုယူနိုင်တဲ့အတွက် တောင်အာရှနိုင်ငံတွေရော၊ တရုတ်နိုင်ငံအတွက်ရော ကောင်းတယ်လို့ မြင်ပါတယ်။ နောင်လာမယ့် ကုန်စည်ပြပွဲတွေမှာလည်း သွားရောက်ပြသဖြစ်မှာပါ” ဟု၎င်းက ဖြည့်စွက်ပြောကြားသည်။

ယခုကျင်းပလျက်ရှိသည့် ကုန်စည်ပြပွဲတွင် ပြခန်းပေါင်း ၃၅ ခန်း၌ မြန်မာကုန်သည် လုပ်ငန်းရှင် ပေါင်း ၁၀၀ ကျော် ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြန်မာကုန်သည် လုပ်ငန်းရှင် ၁၀၀ ကျော်က မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် အဖိုးတန် ကျောက်မျက်ရတနာပစ္စည်းများကို ကုန်စည်ပြပွဲတွင် ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

၇ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို သြဂုတ် ၁၆ ရက်မှ စတင်ကာ သြဂုတ် ၂၀ ရက်အထိ ၅ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ကုန်စည်ပြပွဲမှာ ပါဝင်ပြသခွင့်ရတာဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ကုန်ပစ္စည်းတွေ နဲ့ပတ်သက်ပြီး ဈေးကွက်ချိတ်ဆက်လို့ရနိုင်တဲ့အခွင့်အလမ်းကောင်းတွေ ရရှိစေနိုင်မယ်။ ပို့ကုန်ပစ္စည်းကို တကယ်ဝယ်ယူနိုင်မယ့် တရုတ်ဈေးကွက်က စားသုံးသူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီးတော့ တိုက်ရိုက် အဆက်အသွယ်တွေ ရရှိစေနိုင်တယ်။ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို တိုးမြှင့်ပြီးတော့ တင်ပို့ပေးနိုင်မယ့် အလားအလာကောင်းတွေ ရရှိစေနိုင်တဲ့အတွက် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကုန်သည်လုပ်ငန်းရှင်တွေ အတွက် အကျိုးကျေးဇူး အများကြီး ရရှိစေနိုင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

(၇) ကြိမ်မြောက် တရုတ် – တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်၊သွင်းကုန် ကုန်စည်ပြပွဲ တွင် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာ အရောင်းဆိုင် ၂၀ ဝန်းကျင် ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဘိုခန့်က “ဒီလိုပွဲတွေ ပြတဲ့အခါမှာ စီးပွားရေးကောင်းမွန်ဖို့ အတွက် ကျွန်တော်တို့က မျှော်လင့်တာပါပဲ။ အခုလို ကုန်စည်ပြပွဲတွေမှာ ဖိတ်ကြားပြီး ပါဝင်ပြသရမယ်ဆိုရင် Business Opportunity တွေ အများကြီးရရှိမယ်လို့ မျှော်လင့်ပါတယ်။ ရရှိခဲ့တာလည်း ရှိပါတယ်။ ဒီလိုမျိုးအမြဲကုန်စည်ပြပွဲတွေမှာ ပါဝင်ပြသခွင့်ရတယ်ဆိုရင် တရုတ်နိုင်ငံမှာ ရှိတဲ့ လုပ်ငန်းရှင်တွေနဲ့လည်း ထိတွေ့ခွင့်ရတဲ့အတွက် ကောင်းမွန်တဲ့ စီးပွားရေး အကျိုးကျေးဇူး တွေရှိမယ်လို့ ကျွန်တော်အနေနဲ့ ယုံကြည်ပါတယ်။ ဥပမာအားဖြင့် ကျောက်မျက်ကဏ္ဍကို ပြောရရင် ကုန်စည်ပြပွဲကို ပြသပြီးပြီဆိုရင် တရုတ်နိုင်ငံက ကုန်သည်တွေက ကျောက်မျက်ရတနာအပေါ်မှာ စိတ်ဝင်စားမှု မြင့်တက်လာတယ်။ ကျွန်တော်တို့ ဆီက ပုတီးတွေ၊ လက်ကောက်တွေကို ပိုပြီး အော်ဒါတွေ ရတဲ့အတွက် ကျွန်တော်တို့အတွက် Business Opportunity တွေ ပိုရတယ်လို့ ဆိုလိုတာဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ ပြောသည်။

“တရုတ်နိုင်ငံက ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ တရုတ်နိုင်ငံက ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်တဲ့ အတွက် ကျွန်တော်တို့ရဲ့ အဓိက ကုန်သွယ်ဖက် မိတ်ဖက်နိုင်ငံဖြစ်တယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ တရုတ်နိုင်ငံက စီးပွားရေးတိုးတက်တာနဲ့အမျှ ရေမြင့်ရင် ကြာတင့်သလို အိမ်နီးချင်းနိုင်ငံတွေလည်း တိုးတက်မှာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေးထွက်ကုန်၊ တွင်းထွက်သယံဇာတတွေ၊ တချို့ကလည်း တရုတ်နိုင်ငံ semi-finished product တွေရှိတယ်။ အဲဒါတွေကိုလည်း ကုန်သွယ်ခွင့်ရတယ်။ ထို့အတူ တရုတ်နိုင်ငံ တစ်ကမ္ဘာလုံးအတွက် ဈေးကွက်ကြီးတဲ့အတွက် ထုတ်ကုန်တွေက ဈေးနှုန်းတွေက ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းတွေနဲ့ သုံးလို့ရတယ်။ ကျွန်တော်တို့နှစ်နိုင်ငံသည် တကယ့်ကို mutually benefit ဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်လို့ ယူဆပါတယ်” ဟု ဦးဇော်ဘိုခန့် က ဆက်ပြောသည်။

(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ် မြောက်တရုတ် (ကူမင်း) ပို့ကုန်၊သွင်းကုန်ကုန်စည်ပြပွဲ ဒုတိယနေ့ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်တွင် မြန်မာနိုင်ငံမှ ဆက်လက်ပါဝင်ပြသခဲ့ပြီး မြန်မာနိုင်ငံပြခန်းဆောင်၌ ယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျော်ဖြေခဲ့ရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိပြီး ပြခန်းဆောင်အတွင်း ပြသထားသည့် မြန်မာနိုင်ငံ၏ အထင်ကရ ခရီးသွားနေရာများကိုလည်း ပြပွဲသို့ လာရောက်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် တရုတ်ကုမ္ပဏီများအနေဖြင့် မြန်မာသီဟိုဋ်စေ့များကို စိတ်ဝင်စားကြပြီး မြန်မာနိုင်ငံမှ သီဟိုဋ်စေ့ကုမ္ပဏီများနှင့် တွေ့ဆုံ ဆွေးနွေးလိုသဖြင့် ချိတ်ဆက်ပေးနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံပြခန်းဆောင်၏ ကုန်စည်ပြခန်းတွင် ပြသထားသည့် မြန်မာ့ ထုတ်ကုန်ပစ္စည်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်ကမ်းစာစောင်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ လက်ကမ်းစာစောင်များကို ပြပွဲသို့ လာရောက်သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဒေါက်တာထိန်လင်းက “ဒီကုန်စည် ပြပွဲမှာ ပါဝင်ပြသခဲ့ရတဲ့အတွက် မြန်မာနိုင်ငံက ထွက်ရှိတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ ပဲ၊ပြောင်း၊နှမ်းတွေနဲ့အတူ ကျောက်စိမ်း အပါအဝင် လက်ဝတ်ရတနာတွေ တရုတ်ဈေးကွက်ကို ဝင်ရောက်ထိုးဖောက်နိုင်တဲ့ အခွင့်အလမ်းကောင်းတွေရရှိမှာ ဖြစ်ပါတယ်။ ဒါနဲ့အတူ ရေထွက်ကုန်ပစ္စည်းတွေ၊ တိရစ္ဆာန်ထွက်ကုန်ပစ္စည်းတင်ပို့တဲ့ ကဏ္ဍတွေမှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မယ်လို့ထင်ပါတယ်” ဟု ပြောသည်။

“တောင်အာရှပွဲကနေ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ယူဆောင်လာနိုင်မယ်လို့ ထင်ပါတယ်။ ကုန်စည်ပြပွဲတွေက တရုတ်နိုင်ငံက တာဝန်ကျေတယ်ဗျ။ အမြဲတမ်းလည်း ကျင်းပတယ်။ နိုင်ငံတကာကိုလည်း ဖိတ်ကြားပြီး ပြသခိုင်းတယ်ဆိုတော့ ကျွန်တော်တို့လည်း သွားခွင့်ရတယ်။ အဲဒီလို ပုံမှန်လုပ်ပေးတာကို ကျေးဇူးတင်တယ်။ ထို့အတူလည်း ကျွန်တော်တို့နိုင်ငံမှာလည်း လာပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီး ပေးနိုင်မယ်ဆိုရင် ပိုပြီးတော့ ဝမ်းသာတာပေါ့” ဟု ဦးဇော်ဘိုခန့်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ကျင်းပမည့် ကုန်စည်ပြပွဲများအားလုံးတွင် ပါဝင်ပြသသွားမည်ဖြစ်ကြောင်း ဒေါက်တာထိန်လင်းက ပြောသည်။ (Xinhua)