Connect with us

Culture

မြန်မာနိုင်ငံတွင် တရုတ်ယဉ်ကျေးမှု လက်ဖက်ရည်ကြမ်းပွဲတော်ကျင်းပ

ရန်ကုန်မြို့၊ တရုတ်ယဉ်ကျေးမှုစင်တာတွင် လက်ဖက်ရည်ကြမ်းသောက်သုံးနေသူများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အခမ်းအနားနဲ့ အတူ တရုတ်ယဉ်ကေျးမှု လက်ဖက်ရည်ကြမ်း ပွဲတော်ကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှု စင်တာတွင် ဩဂုတ် ၁ ရက်က ကျင်းပခဲ့သည်။

အဆိုပါပွဲတော်တွင် “မင်္ဂလာအဖြာဖြာဆုံဆည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ” နှင့် တရုတ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အခမ်းအနားတွင် ရိုးရာလက်ဖက်ရည်ကြမ်းပွဲနှင့် လက်ဖက်ရည်ကြမ်းအရသာမြည်းစမ်းခြင်း၊ တရုတ်လက်ဖက်ရည်ကြမ်းယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ဓာတ်ပုံပြပွဲ၊ တရုတ်ရိုးရာတေးဂီတနှင့် အကဖျော်ဖြေမှုအပါအဝင် အခြားအစီအစဉ်များ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့၊ တရုတ်ယဉ်ကျေးမှုစင်တာတွင် လက်ဖက်ရည်ကြမ်းသောက်သုံးနေသူများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၊ တရုတ်ယဉ်ကျေးမှုစင်တာတွင် လက်ဖက်ရည်ကြမ်းသောက်သုံးနေသူများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့မှ ကြီးမှူး၍ တရုတ်နိုင်ငံတကာ ယဉ်ကျေးမှုအသင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနနှင့် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ တို့ မှ တာဝန်ယူ ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံး သံမှူးကြီး Ms.Cao Jing က တရုတ်နိုင်ငံ လက်ဖက်ရည်ကြမ်းအနုပညာရဲ့ အနှစ်သာရက “သင့်မြတ်ခြင်း” ဖြစ်ပြီး သဟဇာတဖြစ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေးတို့ကို ကိုယ်စားပြုကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ဖက်ရည်ကြမ်း သောက်သုံးသော ဓလေ့တင်မကဘဲ လက်ဖက်ရွက်နှင့် ပြုလုပ်သော မြန်မာ့ရိုးရာအစားအစာ “လက်ဖက်သုပ်” လည်းရှိကြောင်း Ms.Cao Jing ကဆိုသည်။

Ms.Cao Jing က “တရုတ်-မြန်မာနှစ်နိုင်ငံဟာ တောတောင်ရေမြေ နယ်နိမိတ်ချင်းထိစပ်နေပြီး ရှည်ကြာခိုင်မြဲတဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကိုဗစ်အလွန်ကာလမှာ တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဟာ အလားအလာကောင်းများစွာ ရှိပါတယ်။ကျွန်မတို့ မြန်မာနိုင်ငံနဲ့အတူလက်တွဲပြီး နှစ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း၊ နှစ်နိုင်ငံပြည်သူအကြား အပြန်အလှန် နားလည်မှုနဲ့ ချစ်ခင်ရင်းနှီးမှုများကို တိုးမြှင့်ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ရန်ကုန်မြို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်ကေသီထွေးက လက်ဖက်ရည်ကြမ်းယဉ်ကျေးမှုကို ကြားခံအဖြစ် အသုံးပြုခြင်းအားဖြင့် နှစ်နိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလာရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာန မှ Mr. Zhang Biwei က “ဒီပွဲကတော့ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံကြားမှာ ယဉ်ကျေးမှုဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ကို မြှင့်တင်ပေးမှာဖြစ်သလို ယူနန်ပြည်နယ်ရဲ့ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ပေါ်လွင်အောင်တင်ဆက်ထားတဲ့ပွဲတစ်ခုဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံမှ အစိုးတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရှိ တရုတ်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ အပါအဝင် လက်ဖက်ရည်ကြမ်းယဉ်ကျေးမှု ပွဲတော်သို့ လူပေါင်း (၁၀၀) နီးပါး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

တရုတ်နိုင်ငံ၏ ရိုးရာလက်ဖက်ခြောက်ပြုလုပ်ခြင်းနည်းပညာများနှင့် ဆက်စပ်လူမှုရေးအလေ့အထများကို ယူနက်စကို (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့)က ၂၀၂၂ ခုနှစ်တွင် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့သည်။ (Xinhua)