Connect with us

Politics

မြန်မာ- တရုတ် နယ်စပ်တည်ငြိမ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်မည်

မြန်မာနိုင်ငံ သမ္မတ၏ အထူးကိုယ်စားလှယ် ဖြစ်သော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ (WangYi) တို့ပေကျင်းမြို့၌တွေ့ဆုံစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် အပေါ် အခြေခံ၍ မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစိုးရက ဧပြီ (၂) ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

တရုတ်နိုင်ငံ နယ်စပ်ဒေသသို့ မြန်မာ့တပ်မတော် လေယာဉ် ဗုံးမတော်တဆ ကျရောက်မှုနှင့် ပတ်သတ်ပြီး မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့် တာဝန်ရှိသူများ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် တရုတ်အစိုးရနှင့် သွားရောက် တွေ့ဆုံ ညှိုနှိုင်းခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

တွေ့ဆုံပွဲတွင် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တိုက်ပွဲများနှင့် ဆက်စပ်၍ မတ်လ (၁၃) ရက် ဖြစ်စဉ်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်၊ တာ့ရွှေရှန်းထု ကျေးရွာအနီးနှင့် ကြံစိုက်ခင်းတို့၌ မြန်မာ့တပ်မတော် လေယာဉ် ဗုံးမတော်တဆ ကျရောက်မှုကြောင့် တရုတ်နိုင်ငံသား ငါးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းအတွက် မြန်မာအစိုးရနှင့် တပ်မတော်ကိုယ်စား တောင်းပန် စကား ပြောကြားခဲ့ပြီး ထိခိုက်မှုအတွက် ထိုက်သင့်သော လျော်ကြေးပေးမည်ဖြစ်ကြောင်း၊ ယင်း မတော်တဆ ဖြစ်ရပ်အတွက် တာဝန်ရှိသူများကို အရေးယူမည်ဖြစ်ကြောင်း၊ အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားရန် ထိန်းသိမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း နှစ်နိုင်ငံ သဘောတူညီမှု ရခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာ ကိုယ်စားလှယ်အဖွဲ့အား ခေါင်းဆောင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ ဧပြီ ၁ ရက်မှ ၂ ရက်အထိ သွားရောက်ခဲ့သည်။ (Xinhua)