Connect with us

Politics, Law & Military

ကိုးကန့်ဒေသ ပြန်လည် ထူထောင်ရေးအတွက် ကုလသမဂ္ဂ ကူညီ ဆောင်ရွက်ရန် ကမ်းလှမ်း

ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ပြန်လည် ထူထောင်ရေး အုပ်ချုပ်မှု အထောက်အကူပြု ကော်မတီ အစည်းအဝေး (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြန်လည် ထူထောင်ရေးအတွက် ကုလသမဂ္ဂ အနေဖြင့် ကူညီ ဆောင်ရွက်နိုင်ရန် ကမ်းလှမ်းမှုများ ရရှိထားပါကြောင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ပြန်လည် ထူထောင်ရေး အုပ်ချုပ်မှု အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။

ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ပြန်လည် ထူထောင်ရေး အုပ်ချုပ်မှု အထောက်အကူပြု ကော်မတီ အစည်းအဝေးတွင် ဝန်ကြီးက မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ထံမှလည်း ကုလသမဂ္ဂ အနေဖြင့် ကူညီဆောင်ရွက်နိုင်ရန် ကမ်းလှမ်းမှုများ ရရှိထားပါကြောင်း အဆိုပါ အစည်းအဝေး၌ ပြောကြားခဲ့သည်။ကိုးကန့်ဒေသတွင် တည်ငြိမ်မှု ပျက်ပြားခဲ့သည့် အတွက် ဥပဒေနှင့် အညီ စစ်အုပ်ချုပ်ရေး ဆောင်ရွက် ခဲ့ကြောင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ပြန်လည် ထူထောင်ရေးနှင့် နယ်ဘက် အုပ်ချုပ်ရေး ပြန်လည် ထူထောင်ရာတွင် မိမိတို့ ကော်မတီအနေဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းမှုနှင့် အတူ အစိုးရအဖွဲ့၏ စီမံအုပ်ချုပ်မှု ဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ ဟန်ချက်ညီညီ ဆက်လက် ဆောင်ရွက်သွား ရမည် ဖြစ်ပါကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက ဆိုသည်။

အဆိုပါ အစည်းအဝေးကို ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်၊ ကော်မတီဝင် ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ဗိုလ်ချုပ် တင်အောင်ချစ်၊ ဦးသန့်ရှင်း၊ ဒေါက်တာ ဝင်းမြင့်၊ အကြံပေး ပုဂ္ဂိုလ် ဦးလှမြင့်၊ ကော်မတီ အတွင်းရေးမှူး ဦးဘုန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ် အောင်မြတ်နှင့် ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းတို့ တက်ရောက် ဆွေးနွေး ကြသည်။ (Xinhua)