Connect with us

Politics

မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေ မည်သို့ပင် ပြောင်းလဲပါစေ တရုတ်နိုင်ငံသည် အိမ်နီးချင်း မိတ်ဆွေ ကောင်းအဖြစ် ဆက်လက်ရှိနေမည်ဟု တရုတ်နိုင်ငံ အစိုးရ အထူး သံတမန် ပြောကြား

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရ အထူးသံတမန်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လျိုကျန့်မင် မီဒီယာများနှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေ မည်သို့ပင် ပြောင်းလဲပါစေ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ အဖော်ကောင်း၊ ညီရင်းအစ်ကိုကောင်း အဖြစ် ဆက်လက် ရှိနေမည်ဟု တရုတ်နိုင်ငံ အစိုးရ အထူး သံံတမန်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် (H.E. Mr. Liu Zhenmin) က ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဒီဇင်ဘာလ ၅ ရက်တွင် နေပြည်တော်၌ သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှု ပိုမို ကျယ်ပြန့်စေရန် တဆင့် တိုးမြှင့်ရေး အတွက် လည်းကောင်း ၊ နှစ်နိုင်ငံ ပြည်သူလူထုကို အကျိုးပြုစေရန် အတွက် လည်းကောင်း ၊ ဒေသတွင်း ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေး အတွက် တရုတ်နိုင်ငံ အနေဖြင့် မြန်မာ လွှတ်တော်နှင့် အစိုးရ အသစ် ၊ နိုင်ငံရေးပါတီ အသီးသီး တို့နှင့် အတူ အားထုတ်နိုင်ရန် မျှော်လင့်ပါကြောင်း မစ္စတာ လျိုကျန့်မင် က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲ အောင်မြင် ချောမွေ့စွာ ကျင်းပနိုင်ခြင်းကို ဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံအတွင်း အချင်းချင်း အပြန်အလှန် နားလည်၍ ပူးပေါင်း ဆောင်ရွက်ခြင်း သဘောထားကို လက်စွဲကာ ဥပဒေ သတ်မှတ်ချက်များအတိုင်း နိုင်ငံတော် အာဏာကို တည်ငြိမ်အေးချမ်းစွာ လွှဲပြောင်းနိုင်ရန် မျှော်လင့်ပါကြောင်း၊ ထိုမှ တဆင့် လွှတ်တော် အသစ် တစ်ရပ်နှင့် အစိုးရအသစ် တစ်ရပ်ကို သတ်မှတ်ချိန်အတိုင်း ဖွဲ့စည်း၍ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် အားလုံး အတူတကွ ကြိုးပမ်းပြီး ပြည်သူ့ဘဝ တိုးတက်ရေးကို ဆောင်ကြဉ်းနိုင်ရန် မျှော်လင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဆက်နွယ်ပါကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ယခင်ကအတိုင်း ဆက်လက်၍ ကူညီဆောင်ရွက်ကာ အပြုသဘောဖြင့် အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်ဘက်က မြန်မာဘက်နှင့် အတူတကွ ချိတ်ဆက်ပြီး တရုတ်-မြန်မာ နယ်စပ် ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးကို ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း၊ ယင်းနယ်စပ်ဒေသကို နှစ်နိုင်ငံ ချစ်ကြည်ရေး မဏ္ဍိုင် အဖြစ် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မစ္စတာ လျိုကျန့်မင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရ အထူး သံတမန်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် ၏ မြန်မာပြည် ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။ (Xinhua)