Connect with us

Social

တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်း အားထုတ်မှုများ အပေါ် မြန်မာပြည်သူများ အားပေးစကား ဆို 

တရုတ် နိုင်ငံ ဝူဟန်မြို့၌ တာဝန်ထမ်းဆောင်နေသည့် ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများအား ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ၌ လတ်တလော ဖြစ်ပွားလျက် ရှိသည့် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်း အားထုတ် မှုများ အပေါ် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များ ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများက ချီးကျူးစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်က စာနာထောက်ထားကြောင်း သဝဏ်လွှာ ပေးပို့ ခဲ့မှုနှင့်အတူ  မြန်မာ ပြည်သူများကလည်း ဆုတောင်းအားပေးစကားများ ပြောကြားခဲ့ကြသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ နေထိုင်သော ဆရာဝန် တစ်ဦး ဖြစ်သူ ဒေါက်တာ စိုင်းညီညီမိုးက “အဓိကကတော့ ဒီရောဂါကို မြန်မြန်ကုသနိုင်မယ့် ကုသထုံး၊ ကုသနည်းတစ်ခု ရှာတွေ့နိုင်ဖို့ ဆုတောင်းပေးပါတယ်။ တရုတ်အစိုးရကလည်း ဒီကိစ္စကို အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ပဲ ကိုင်တွယ်ဖြေရှင်းနိုင်တယ်။ သေချာဂရုတစိုက်နဲ့ မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်တယ်။ ဒါပေမဲ့ တရုတ်က လူဦးရေ အရမ်းထူထပ်တယ်။ အဲဒီတော့ ပျံ့နှံနှုန်းက ပိုပြီးတော့ မြန်နိုင်တယ်။ ဒီတော့ တရုတ်အစိုးရကလည်း ရောဂါပျံ့နှံမှုကို ပိုပြီးတော့ တားဆီးနိုင်မယ့် နည်းလမ်းမျိုး ရှာတွေ့နိုင်ပါစေ၊ ပြီးတော့ တရုတ်ကနေတဆင့် တခြားနိုင်ငံတွေ ကူးစက်တာကိုလည်း မြန်မြန် တားဆီးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၌ ရှေ့တန်းတွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်း အားထုတ်နေသည့် ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများ အတွက်လည်း ၎င်းအနေဖြင့် အလွန် ဂုဏ်ယူ လေးစားကြောင်း ၊ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများသည် လူနာနှင့် တိုက်ရိုက် ထိတွေ့နေရသည့် အတွက် ရောဂါ ကူးစက်နိုင်ခြေ ရှိသော်လည်း လူနာ သက်သာ ပျောက်ကင်းအောင် ကြိုးစား ကုသပေးနေကြောင်း ၊ ဆက်လက်ပြီး အားတင်းထားပါဟူ၍လည်း စိုင်းညီညီမိုးက အားပေးစကား ပြောကြားခဲ့သည်။ 

“ရောဂါ ဝေဒနာ ခံစားနေရတဲ့သူတွေကိုတော့ နိုင်ငံတကာက ကျန်းမာရေးအဖွဲ့အစည်းတွေ အပါအဝင် အားလုံးကလည်း  မြန်မြန်ဆန်ဆန် ကုသနိုင်အောင်လို့၊ ထပ်ပြီးတော့ ကူးစက်မှုတွေ ကာကွယ်နိုင်အောင်လို့ အကောင်းဆုံး နည်းလမ်းတွေ ရှာနေပါတယ်။ဒါကြောင့် အားတင်းထားပါလို့၊ Fighting ပါလို့။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ အစိုးရ သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာလူမျိုးများအပါအဝင် နိုင်ငံခြားသားတိုင်း၏ အသက် လုံခြုံမှု နှင့် ကိုယ်ခန္ဓာ ကျန်းမာရေးကို များစွာအလေးထားပြီး သက်ဆိုင်ရာ အစီအမံများကို တက်တက်ကြွကြွ ဆောင်ရွက် ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယာယီ တာဝန်ခံ ဒေါ်နွဲ့ကလျာ (Ms.Li Xiaoyan)ကဖေဖော်ဝါရီ ၄ ရက်တွင် ရန်ကုန်မြို့၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်း အားထုတ်မှုများ အပေါ် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်၌ နေထိုင်သော ကုမ္ပဏီ ဝန်ထမ်း တစ်ဦး ဖြစ်သူ မမေဖြိုးသိမ့်က “အားတင်းထားပါလို့ ပြောချင်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့။ recovery လည်း အမြန်ဆုံး ပြန်လုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အမြန်ဆုံး recovery လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။”ဟု ပြောကြားခဲ့သည်။

ကပ်ရောဂါဒဏ်ခံစားရသည့် ပြည်သူများ အပေါ် စာနာထောက်ထားမှု အနေဖြင့် မမေဖြိုးသိမ့်က “လူတိုင်းကတော့ ဒီရောဂါဆိုးကြီးကို ဘယ်သူမှတော့ မဖြစ်ချင်ကြဘူးပေါ့။ ဒါပေမဲ့ ဖြစ်လာပြီဆိုတော့လည်း ညီမတို့ အားလုံးအနေနဲ့ ဝိုင်းဝန်းပြီးတော့ ကာကွယ်ကြမယ်။ ဖြစ်သွားပြီဆိုရင်လည်း သက်သာအောင် ဘယ်လိုမျိုး recovery လုပ်လို့ရမလဲ၊ အစိုးရက ညွှန်ကြားတဲ့နည်းလမ်းတွေရော နောက် ဆရာဝန်တွေက ပြောပြထားတဲ့ နည်းလမ်းတွေကို တသွေမတိမ်းလိုက်နာပြီးတော့ အမြန်ဆုံး သက်သာအောင် ကြိုးစားရမယ်ပေါ့။ Fight Virus! ”ဟု ပြောကြားခဲ့သည်။ 

တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ဘက်ပေါင်းစုံမှ အတင်းကြပ်ဆုံး ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း အစီအမံများကို လုပ်ဆောင်ထားကြောင်း ၊ ဝူဟန့်နှင့် ဟူပေ ဒေသကို အဓိကထားပြီး ဗဟိုမှ ဒေသန္တရ အထိ ဘက်စုံ အလွှာအဆင့်ဆင့် ကာကွယ် ထိန်းချုပ်ရေး စနစ်ကို တည်ဆောက်ထားကြောင်း ၊ လုပ်ဆောင်ချက် အစီအမံ အများစုမှာလည်း အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး ပြဋ္ဌာန်းချက်၏ သတ်မှတ်ချက်များထက် ကျော်လွန်နေကြောင်း သိရသည်။ 

ရန်ကင်း ပညာရေး ကောလိပ်တွင် ဒုတိယနှစ် တက်ရောက် ပညာသင်ကြားနေသည့် မနှင်းအိရွှေရည်က “ရောဂါ ခံစား နေရတဲ့ ပြည်သူတွေနေရာမှာ ကိုယ်သာဆိုရင် ဒါမှမဟုတ် ကိုယ်နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ ဆွေမျိုးသားချင်း တွေ ကိုယ့်ရဲ့မိဘတွေသာဆိုရင် ကိုယ် ဘယ်လိုခံစားလိုက်ရမလဲ။ အဲဒီလိုပဲ သူတို့တွေကလည်း ဘယ်သူမှ ဒီရောဂါကြီးကို ဖြစ်ချင်ကြတာမဟုတ်ဘူး။ မထင်မှတ်ဘဲ ဖြစ်သွားတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်သွားခဲ့ရတယ်။ အဲဒါကြောင့်မို့လို့ အမြန်ဆုံးဆေးကို ရှာတွေ့ပြီး အမြန်ဆုံး ပျောက်ကင်းပါစေလို့ ဆုတောင်းမေတ္တာပို့သချင်ပါတယ်။ Fight Virus!”ဟု ပြောကြားခဲ့သည်။ 

တောင်ဥက္ကလာပမြို့နယ်၌ နေထိုင်သူ ကိုကျော်ထက်လင်းက “ရောဂါ တစ်ခုလို့ ပြောရင် ဘယ်သူမဆို မခံစားစေချင်ကြဘူး။ အခုလို မထင်မှတ်ပဲ ဒီလိုမျိုး ဖြစ်လာတဲ့ ဝူဟန် ဗိုင်းရပ်စ်နဲ့ ပတ်သတ်တဲ့ ရောဂါ တစ်ခုခု ခံစားနေရတဲ့ အချိန်မှာ ကျွန်တော်တို့လည်း ကျွန်တော်တို့ ဖြစ်ရင် ဘယ်လို ခံစားရမယ် မသိပေမယ့် ကိုယ်မြင်ရကြားရတာ အဆင်မပြေဘူး။ ကိုယ်တိုင် ခံစားရရင် ဘယ်လို ခံစားရမလဲ။ ငါဘယ်လို ဖြစ်မလဲ ဆိုတဲ့ အတွေး ဝင်ပြီး စိတ်တော့ မကောင်းဖြစ်တယ်။ ဒါပေမယ့် တကယ်တမ်း ခံစားနေရတဲ့ အချိန်မှာတော့ အားတင်းထားပါ။ စိတ်ဓာတ်မာအောင် နေပေးပါ။ အတတ်နိုင်ဆုံးတော့ ရောဂါဖြစ်ရင် ကုသမယ့် အရာ ပေါ်လာမှာပါ။”ဟု အားပေးစကား ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်သည် ဖေဖော်ဝါရီ ၃ ရက်တွင် တရုတ် နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန်ထံသို့ သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် တရုတ်နိုင်ငံအနေဖြင့်  အဆင့်မြင့်ကျန်းမာရေးဆိုင်ရာ နည်းပညာများကို ပိုင်ဆိုင်ထားသည့်အတွက် ယခုဖြစ်ပွားလျက်ရှိသည့် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ဆက်လက် မပြန့်ပွားရေးကို အမြန်ဆုံး အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ၊ တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းပါဝင်မှုများကြောင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားသွားနိုင်မည်ဟုလည်း အပြည့်အဝ ယုံကြည်ကြောင်း နှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ယင်းအခက်အခဲကို ဖြေရှင်းရန်အတွက် နည်းလမ်းများ ရှာဖွေရာတွင် တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း သဝဏ်လွှာထဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)