Connect with us

Social

တရုတ်ပြည်မကြီးသို့ မကာအို ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း နှစ် (၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ 

တရုတ်ပြည်မကြီးသို့ မကာအို ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း နှစ် (၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားမြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်ပြည်မကြီးသို့ မကာအို ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း နှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားအား ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက ရန်ကုန်မြို့ Wyndham Grand ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးချန်းဟိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြန်မာနိုင်ငံရှိသက်ဆိုင်ရာအစိုးရဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာ သံရုံးများမှကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အပါအဝင် စုစုပေါင်း လူ ၄၀၀ ခန့်ပါဝင် တက်ရောက်ခဲ့ကြသည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်းဟိုင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် မကာအိုသည် တရုတ်ပြည်မကြီးသို့ ပြန်လည်ရောက်ရှိခဲ့သည့် နှစ် ၂၀ ကြာကာလတွင် သာလွန်သည့်သမိုင်းကာလကို ဖြတ်သန်းခဲ့ခြင်းဖြစ်ကြောင်း၊  မကာအိုအား မကာအို စီမံအုပ်ချုပ်သည့် စနစ်ကို ကျင့်သုံးပြီး ခုန်ပျံကျော်လွှားတိုးတက်မှုများရရှိအောင် ဗဟိုအစိုးရမှ မူဝါဒဆိုင်ရာ ပံ့ပိုးထောက်ခံမှုများပေးခဲ့ရာ ၂၀၁၈ ခုနှစ်တွင် မကာအို၏ တစ်ဦးချင်းပျမ်းမျှ ဝင်ငွေသည် GDP အရ အမေရိကန် ဒေါ်လာ ၈၃,၀၀၀ ရှိခဲ့ပြီး ကမ္ဘာ့ရှေ့တန်းနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း  ၊ နှစ် ၂၀ ကြာကာလတွင် မကာအို၏ ပြည်ပဆက်ဆံရေးသည် အပြုသဘောဆောင်သည့် ကျယ်ပြန့်မှုများ ရှိခဲ့သလို တိုင်းပြည်ကို ချစ်မြတ်နိုးသည့်၊  မကာအိုကို ချစ်မြတ်နိုးသည့် ဘာသာရေး၊ယဉ်ကျေးမှု အားလုံးအတူပါဝင်သည့် သဟဇာတဖြစ်သည့် အစဉ်အလာကောင်းကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ၊ တရုတ်ပြည်မကြီးနှင့်မကာအိုသည် အနာဂတ်ကံကြမ္မာနီးကပ်စွာချိတ်ဆက်လျက်ရှိသည်ကို သမိုင်းက သက်သေထူပြီးဖြစ်ကြောင်း  ၊ တရုတ်ပြည်မကြီးသည် မကာအို၏ အကြီးဆုံး ကုန်စည်ကူးသန်း ရောင်းဝယ်ရေးနှင့် ဝန်ဆောင်မှု ကုန်သွယ်ရေးမိတ်ဖက်ဖြစ်သလို အကြီးဆုံးခရီးသွားအရင်းအမြစ်နှင့်  အရေးပါသည့် ရင်းနှီးမြုပ်နှံမှုများသူဖြစ်ကြောင်း ၊ “တစ်နိုင်ငံ စနစ်နှစ်မျိုး”သည် မကာအို ဖွံ့ဖြိုးတိုးတက်ရေး၏ အကြီးဆုံးအားသာချက်ဖြစ်ရာ ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်မှု ၊ ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာကွေ့တည်ဆောက်ရေးစသည့် တရုတ်နိုင်ငံ၏ မဟာဗျူဟာများ သည် မကာအို စည်ပင်တိုးတက်ရေး၏ အခွင့်အလမ်းသစ်များဖြစ်ရာ မကာအို၏ပါဝင်မှုများသည် တရုတ်ပြည်မကြီးနှင့်အတူ အတူဖွံဖြိုးအတူတိုးတက်ရေး၏ အောင်သီးအောင်ပွင့်များကို အတူတကွ မျှဝေခံစားလျက်ရှိကြောင်း ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်းဟိုင်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ နှုတ်ခွန်းဆက် အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

တရုတ်ပြည်မကြီးသို့ မကာအို ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း နှစ် (၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားမြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ယခုအခါသမယတွင် မကာအို ညီအကိုအပေါင်းအဖော်များသည် မြန်မာနိုင်ငံတွင် စီးပွားလုပ်ကိုင်နေထိုင်မှုများရှိလာပြီး ဒေသနှစ်ခုအကြား ကုန်သွယ်စီးပွား ၊ လူမှုယဉ်ကျေးမှုများသည် ချိတ်ဆက်မှုများ နက်ရှိုင်းလာရာ တရုတ်-မြန်မာဆက်ဆံရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာ ကြောင်း ၊ တရုတ်-မြန်မာဆက်ဆံရေး မကာအိုနှင့် မြန်မာနိုင်ငံ၏ ပူးပေါင်းဖလှယ်ရေးတွင် နက်ရှိုင်းလာစေရန် တွန်းအားပေးဆောင်ရွက်ကြသော မိတ်ဆွေသင်္ဂဟများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် မကာအိုသည် တရုတ်ပြည်မကြီးသို့ ပြန်လည်ရောက်ရှိခဲ့သည့် နှစ် ၂၀ ကြာကာလတွင် ဖွံ့ဖြိုးမှုအရှိန်အဟုန်သည် ပိုမိုအားကောင်းလာသည်ကို ဝမ်းသာအားရဖွယ်တွေ့မြင်ရကြောင်း ၊ မြန်မာနိုင်ငံတွင်လည်း မကာအိုဒေသရှိ ကုမ္ပဏီလုပ်ငန်းများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်မကြီးနှင့်အတူ လာရောက်ရင်းနှီးမြုပ်နှံမှုများရှိကြောင်း၊ မကာအိုဒေသသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းများနှင့်အတူ ရှေ့ဆက်ပြီး ပိုမိုစည်ပင်တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

 မကာအိုသည် ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် တရုတ်ပြည်မကြီးသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည် တရုတ်ပြည်မကြီးသို့ မကာအို ပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် ဖြစ်ကြောင်းသိရသည်။ (Xinhua)