Connect with us

Africa & Middle East

တန်ဇန်းနီးယား နိုင်ငံ၌ လောင်စာဆီတင်ယာဉ် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၉၇ ဦးထိ ရှိလာ

လောင်စာဆီတင်ယာဉ် ပေါက်ကွဲမှု ဖြစ်စဉ်တွင် ဒဏ်ရာ ရရှိသူကို ကယ်ဆယ်နေမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

ဒါအက်စ်ဆလမ် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

တန်ဇန်းနီးယား နိုင်ငံ အရှေ့ပိုင်း မော်ရိုဂိုရိုဒေသ၌ လောင်စာဆီတင်ယာဉ်တစ်စီး မီးလောင်ပေါက်ကွဲမှုတွင် သေဆုံးသူ အရေ အတွက် မှာ ၉၇ ဦးထိ ရှိလာခဲ့ကြောင်း အစိုးရအရာရှိ တစ်ဦးက သြဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အချင်းဖြစ်စဉ်ကြောင့် သြဂုတ် ၁၈ ရက် နှင့် ၁၉ ရက်တို့တွင် လူသုံးဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော ဖြစ်စဉ်ကြောင့် စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ ၉၇ ဦး ရှိလာခဲ့ကြောင်း Muhimbili ဆေးရုံ၏ ပြောရေးဆိုခွင့် ရှိသူ Aminiel Aligaesha က ဆိုသည်။

သြဂုတ် ၁၀ ရက်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်ပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိခဲ့သူ ၁၈ ဦးမှာ အသက် အန္တရာယ် စိုးရိမ်ဖွယ်ရာ ရှိနေပြီး ၎င်းတို့အား တန်ဇန်းနီးယား နိုင်ငံ မြို့တော် ဒါအက်စ်ဆလမ်မြို့ရှိ အကြီးဆုံး နိုင်ငံပိုင် ဆေးရုံကြီး၌ ကုသ ပေးလျက် ရှိကြောင်း Aligaesha က ဆိုသည်။

၎င်းတို့ ၁၈ ဦးကို ဆေးရုံ၏ အရေးပေါ် အထူးကြပ်မတ်ကုသဆောင်(ICU)၌ တင်ထားပြီး ဆရာဝန်များက ကြိုးပမ်း ကုသပေးလျက် ရှိကြောင်း Aligaesha က ဆက်လက် ပြောကြားခဲ့သည်။

ဒါအက်စ်ဆလမ်မြို့၏ အနောက်ဘက် ကီလိုမီတာ ၂၀၀ တွင် တည်ရှိသော မော်ရိုဂိုရိုဒေသ၌ ဖြစ်ပွားခဲ့သည့် လောင်စာဆီ တင်ယာဉ် ပေါက်ကွဲမှုတွင် လူ ၆ဝ ဦးမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ၊ နောက်ထပ် သေဆုံးသူများ အပါအဝင် သေဆုံးသူပေါင်း ၇၁ ဦးကို ပြီးခဲ့သော ရက်သတ္တပတ်က မော်ရိုဂိုရိုဒေသ၌ အစုလိုက် အပြုံလိုက် မြှုပ်နှံ သဂြိုလ် ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူ အများစုမှာ လောင်စာဆီတင်ယာဉ် တိမ်းမှောက်ပြီးနောက် ယိုစိမ့် ထွက်လာသော လောင်စာဆီများကို ခပ်ယူရန် ကြိုးပမ်းနေစဉ် ပေါက်ကွဲမှုနှင့်ကြုံတွေ့ရပြီး အသက်သေဆုံးခဲ့ရသူများဖြစ်သည်။

အဆိုပါ လောင်စာဆီတင်ယာဉ်သည် လမ်းမထက်၌ မော်တော်ဆိုင်ကယ် တစ်စီးအား တိမ်းရှောင်လိုက်စဉ် အရှိန် မထိန်းနိုင်ဘဲ တစ်ပတ်လိမ့် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းများ အရ သိရသည်။(Xinhua)