Connect with us

Africa & Middle East

ဆူဒန်နိုင်ငံသမ္မတဟောင်းအယ်ဘာရှားအား အကျင့်ပျက်ခြစားမှုဖြင့် စတင်တရားစွဲ

အဂတိလိုက်စားမှုဖြင့် တရားစွဲခံထားရသည့် ဆူဒန်သမ္မတဟောင်း အယ်ဘာရှားအားတွေ့ ရစဉ်(ဆင်ဟွာ)

ခါတွန် ၊ သြဂုတ် ၂ဝ ရက်(ဆင်ဟွာ)

ဆူဒန်နိုင်ငံသမ္မတဟောင်း အိုမာအယ်ဘာရှား(Omar al-Bashir)အား အကျင့်ပျက်ခြစားမှု ၊ နိုင်ငံခြားငွေကြေးလက်ဝယ်ပိုင်ဆိုင်မှု နှင့် တရားမဝင်ကြွယ်ဝချမ်းသာမှုတို့ဖြင့် ခါတွန်မြို့၌ သြဂုတ် ၂ဝ ရက်တွင် စတင်တရားစွဲဆိုခဲ့ကြောင်း အချင်းဖြစ်တရားရုံးသို့ရောက်ရှိနေသည့် ဆင်ဟွာသတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

သမ္မတဟောင်းအယ်ဘာရှားသည် လုံခြုံရေးထူထပ်စွာချထားသော ခါတွန်မြို့လယ်ရှိ Arkaweet တရားရုံးသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အယ်ဘာရှားအား တရားစွဲဆိုမှု ပထမရုံးချိန်ကို ပြီးခဲ့သော ဇူလိုင် ၃၁ ရက်တွင် စတင်ရန် မူလက စီစဉ်ထားသော်လည်း ၎င်းက လုံခြုံရေးအကြောင်းပြချက်ဖြင့် တရားရုံးသို့လာရောက်ရန်ပျက်ကွက်ခဲ့ခြင်းကြောင့် သြဂုတ်လအထိ နှောင့်နှေးကြန့်ကြာမှုဖြစ်ပေါ်ခဲ့ရသည်။

တစ်ဖန် သြဂုတ် ၁၇ ရက်တွင် အယ်ဘာရှား၏ ပထမရုံးချိန်းကို စတင်ရန် စီစဉ်ခဲ့ရာ တိုက်တိုက်ဆိုင်ဆိုင် ယင်းနေ့၌ ဆူဒန်နိုင်ငံတွင် အသွင်ကူးပြောင်းရေးဆိုင်ရာ စာချုပ်စာတမ်းလက်မှတ်ရေးထိုးပွဲကျင်းပရန် ရှိနေသဖြင့် အယ်ဘာရှား၏ ရုံးချိန်းရက်ကို ထပ်မံရွှေ့ဆိုင်းခဲ့ရပြန်သည်။

၂ဝ၁၈ ခုနှစ် ဒီဇင်ဘာတွင် ဆူဒန်နိုင်ငံ၌ ဆန္ဒပြပွဲများ စတင်ပေါ်ပေါက်ခဲ့ပြီး ယင်းဆန္ဒပြပွဲအပြင်းထန်ဆုံးအချိန် ၂ဝ၁၉ ခုနှစ် ဧပြီ ၁၁ တွင် ဆူဒန်စစ်တပ်က အယ်ဘာရှားထံမှ နိုင်ငံ့အာဏာကို သိမ်းယူခဲ့သည်။

ယင်းနောက် ရာထူးမှဖယ်ရှားခံရသော အယ်ဘာရှားအား အကျင့်ပျက်ခြစားမှု ၊ နိုင်ငံခြားငွေကြေးလက်ဝယ်ပိုင်ဆိုင်မှု နှင့် ၎င်း၏နေအိမ်အတွင်း အမေရိကန်ဒေါ်လာ ၁၁၃ သန်း သိမ်းဆည်းရမိမှုအပါအဝင် တရားမဝင်ကြွယ်ဝချမ်းသာမှုများဖြင့် ဆူဒန်နိုင်ငံရှေ့နေချုပ်က တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)