Connect with us

Africa & Middle East

တူရကီတွင် စစ်အာဏာသိမ်းရန် ကြံစည်မှု ဖြစ်ပွားခဲ့သော်လည်း တူရကီ အစိုးရ ထိန်းချုပ်နိုင်ခဲ့

အန်ကာရာမြို့တွင် ကားတစ်စီး ပေါက်ကွဲမှုအား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် စစ်အာဏာ သိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန်အထိ သမ္မတ Recep Tayyip Erdogan အစိုးရကပင် ဆက်လက် အာဏာရှိနေဆဲ ဖြစ်ကြောင်း တူရကီ သမ္မတ Recep Tayyip Erdogan က ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

စစ်တပ်အနေဖြင့် တူရကီနိုင်ငံအား အုပ်ချုပ်မည် မဟုတ်သလို အုပ်ချုပ်နိုင်မည်လည်း မဟုတ်ကြောင်း သမ္မတ အစ္စတန်ဘူလ်ရှိ Ataturk လေဆိပ်၌ နှစ်နာရီ နီးပါးကြာ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။
အာရှနှင့် ဥရောပသို့ ချိတ်ဆက်ထားသည့် Bosphorus ရေလက်ကြား၏ တံတားပေါ်ရှိ စစ်သားများလည်း တူရကီ ရဲတပ်ဖွဲ့ထံသို့ လက်နက်ချခဲ့ကြောင်း သိရသည်။

အန်ကာရာမြို့တွင် ကားများ ပေါက်ကွဲမှုအား တွေ့ရစဉ် (ဆင်ဟွာ)

Bosphorus ရေလက်ကြား၏ တံတားပေါ်၌ လုံခြုံရေးများအားတွေ့ရစဉ် (ဆင်ဟွာ)

တင့်ကား တစ်စီးအား ပြည်သူများက ခဲဖြင့် ပစ်ပေါက်နေစဉ် (ဆင်ဟွာ)
သမ္မတ Erdogan ကလည်း အာဏာသိမ်းရန် လျှို့ဝှက် ကြံစည်သူများကို အပြီးသတ် ချေမှုန်းသွားမည် ဖြစ်ပြီး စစ်တပ်အတွင်း ရှင်းလင်းရေးများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သည့် စစ်တပ် အရာရှိ ၁,၅၆၃ ဦး ကို ထိန်းသိမ်းထားကြောင်း၊ ယခု အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် မြို့တော် အန်ကာရာ၌ အနည်းဆုံး လူ ၆၀ ဦး သေဆုံးခဲ့သလို လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ အချိန်တွင် ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း အစိုးရ ရှေ့နေရုံးမှ သိရသည်။
အစ္စတန်ဘူလ်တွင်မူ သေနတ်ပစ်ခတ်သံများ ရံဖန်ရံခါ ကြားရသော်လည်း ပေါက်ကွဲသံများနှင့် ဂျက်လေယာဉ် သံများကိုတော့ မကြားရတော့ကြောင်း အစ္စတန်ဘူလ်ရှိ ဆင်ဟွာ သတင်းထောက် တစ်ဦးက ပြောကြားခဲ့သည်။
အာဏာသိမ်းရန် ကြိုးပမ်းမှု၌ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည့် တူရကီ စစ်ဦးစီး အရာရှိချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး Hulusi Akar ကိုလည်း ပြန်လည် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
အတည်မပြုနိုင်သေးသည့် သတင်းအရ ယင်း ဖြစ်ရပ်အတွင်း အစ္စတန်ဘူလ်တွင် သတင်းထောက် တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တူရကီတွင် ဇူလိုင်လ ၁၅ ရက် ညနှောင်းပိုင်းတွင်း အာဏာသိမ်းမှု စတင်ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ Erdogan ၏ အပန်းဖြေ စံအိမ်တော်နှင့် တူရကီ လွှတ်တော် အဆောက်အအုံ တို့လည်း ဗုံးကျဲတိုက်ခိုက်ခံခဲ့ရကြောင်း၊ မြို့တွင်း၌လည်း သေနတ်ပစ်ခတ်မှုများ၊ လေယာဉ်ပေါ်မှ ဗုံးကျဲချမှုများ၊ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး မြို့တွင်း လမ်းမပေါ်သို့ ရောက်ရှိနေသည့် စစ်တပ် တင့်ကားများအား ဒေါသထွက်နေသည့် လူထုက လမ်းကြောင်းပိတ် ဆို့ထားခြင်း၊ ကျောက်တုံးများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့သည်။
တူရကီ သမ္မတ Erdogan က လက်ရှိ အမေရိကန်တွင် နေထိုင်သည့် အစ္စလာမ်မစ် ခေါင်းဆောင် Fethullah Gulen ဦးဆောင်သည့် အာဏာသိမ်းရန် ကြိုးပမ်းမှုကို ပြစ်တင်ရှုတ်ချခဲ့သည်။ ၎င်း၏ စင်ပြိုင် အစိုးရ တစ်ရပ် ထူထောင်ကာ လက်ရှိ တူရကီ အစိုးရအား ဖြုတ်ချရန် ကြိုးပမ်းခဲ့သည့် လှုပ်ရှားမှုများက ယခုလို အာဏာသိမ်းမှုကို ဖြစ်လာစေသည့် တွန်းအား တစ်ရပ် ဖြစ်ကြောင်း တူရကီ သမ္မတ Erdogan က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.