Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံတွင် ပေါက်ကွဲမှုကြောင့် အစိတ်စိတ်အမွှာမွှာဖြစ်ခဲ့သော ဖန်ကွဲစများကို ဖန်ထည်အဖြစ် ပြန်လည်ထုတ်လုပ်ရန် အသုံးပြု

လက်ဘနွန်နိုင်ငံ ထရီပိုလီမြို့ရှိ ဖန်ချက်စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံတွင် ဩဂုတ် ၄ ရက်က ဘေရွတ်မြို့တော် ဆိပ်ကမ်း၌ ဖြစ်ပွားခဲ့သော ကြီးမားသည့်ပေါက်ကွဲမှုအတွင်း အစိတ်အစိတ်အမွှာမွှာ ကွဲကြေသွားသည့် ဖန်ကွဲစများသည် အလေးချိန် တန် ၅,၀၀၀ မှ ၇,၀၀၀ ဝန်းကျင်ထိ ရှိခဲ့ကြောင်း သိရသည်။ 

သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာတစ်ဦးဖြစ်သူ Ziad Abi Chaker က အဆိုပါ ဖန်ကွဲစများကို နိုင်ငံ၏ စွန့်ပစ် ဖို့မြေများအဖြစ် ရောက်ရှိသွားမည့်အခြေအနေအစား ပြန်လည်အသုံးပြုခြင်းဖြင့် ပမာဏများပြားလှသော မှန်ကွဲစများကို အကျိုးကျေးဇူးရရှိနိုင်ရန် စိတ်ဝင်တစားရှိခဲ့သည်။ 

“ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် အဆောက်အအုံတော်တော်များများ ပျက်စီးသွားတာ ကျွန်တော်သတိပြုမိခဲ့တယ်။ ပြီးတော့ မြို့တစ်ခွင်မှာ အစိတ်အစိတ်အမွှာမွှာကွဲသွားခဲ့တဲ့ အဲဒီဖန်ကွဲတွေကို အသုံးပြုဖို့နည်းလမ်းကို ကျွန်တော်ရှာချင်နေခဲ့တာ” ဟု Abi Chaker က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

 

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ အမှိုက်ပုံတစ်ခုရှိ ကြေမွနေသော ဖန်စများအားပုံထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ယင်းသည် Abi Chaker အနေဖြင့် ဘေရွတ်မြို့တွင် ဖန်ကွဲစများကို စုဆောင်းရေး စေတနာ့ဝန်ထမ်း လုပ်ဆောင်နေသည့် အဖွဲ့များကို စတင်ဆော်ဩခဲ့ခြင်းဖြစ်ပြီး ထရီပိုလီမြို့ရှိ ဖန်စက်ရုံနှစ်ခုနှင့် ချိတ်ဆက်ကာ ဖန်ကွဲစများကို ခရားများ၊ ဖန်ခွက်များနှင့် ဖန်ထည်ပစ္စည်းများအဖြစ် ပြောင်းလဲ၍ အခြားသော လုပ်ငန်းများတွင် အသုံးပြုနိုင်ခဲ့သည်။ 

ဩဂုတ် ၄ ရက်က ဘေရွတ်ဆိပ်ကမ်းတွင် ပေါက်ကွဲမှုကြီး နှစ်ကြိမ်ဖြစ်ခဲ့ရာ မြို့တော်အတွင်းရှိ အဆောက်အအုံ ၁၀,၀၀၀ ထက်မနည်း ပျက်စီးခဲ့ပြီး ဘေရွတ်မြို့ လမ်းများပေါ်တွင် ဖန်ကွဲစ အမြောက်အများ ပုံနေသည်ကို မြို့နေလူထု အံ့အားသင့်ဖွယ်ကြုံတွေ့ခဲ့ရသည်။ 

 

လက်ဘနွန်နိုင်ငံရှိ ဖန်ချက်စက်ရုံတစ်ရုံတွင် ဖန်ကွဲစများကို စုသိမ်းထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးမှုများသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံမှ ၁၅ ဘီလီယံအထိ ရှိပြီး အာမခံရှိသည့် ပျက်စီးမှုပမဏသည် ဒေါ်လာ ၃ ဘီလီယံထက် ကျော်လွန်မည်မဟုတ်ပေ။ “ပျက်စီးမှုက ကြီးမားလှပါတယ်။ ကံဆိုးလှတဲ့ အခိုက်အတန့်အတွင်း ကျွန်တော်တို့အနေနဲ့ မတူညီတဲ့အဆင့်တွေကနေ အကျိုးကျေးဇူးတွေ ပြန်ရနိုင်ဖို့ ပမာဏခြေလှမ်းတစ်ရပ်ဆီ စိန်ခေါ်မှုလိုမျိုး ပြောင်းလဲဖို့ အကောင်းဆုံးကြိုးစားသင့်တယ်” ဟု ၎င်းက ဆိုသည်။ 

ဖန်ကွဲစ တန် ၁၀၀ သည် ခရားအိုး ၁၅၀,၀၀၀ ခု ဖန်တီးနိုင်ပြီး စုစုပေါင်း လက်ဘနွန်ငွေ ပေါင် သန်း ၇၅၀ (အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ခန့်) ရရှိစေကြောင်း ၎င်းက ရှင်းပြသည်။ “ဒီနည်းလမ်းနဲ့ ကျွန်တော်တို့တွေ စက်ရုံတွေအတွက် အလုပ်အချို့ ဖန်တီးပေးနေပါတယ်။ ပြီးတော့ ထရီပိုလီမှာရှိတဲ့ ဖန်ကွဲစတွေကို ပြန်လည်အသုံးပြုတဲ့ စက်ရုံနှစ်ရုံက မိသားစု ၈၀ ခန့်ကို အလုပ်ခန့်အပ်ပေးနိုင်ခဲ့တယ်” ဟု Abi Chaker က ပြောခဲ့သည်။ 

 

လက်ဘနွန်နိုင်ငံ ထရီပိုလီမြို့ရှိ ဖန်ချက်စက်ရုံတစ်ရုံတွင် ဖန်ထည်ပြုလုပ်နေသည့် အလုပ်သမားတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ မြောက်ပိုင်းရှိ ဖန်စများကို ပြန်လည်အသုံးပြုလုပ်ကိုင်သော စက်ရုံနှစ်ခုအနက် တစ်ခုဖြစ်သော Golden Glass စက်ရုံ မန်နေဂျာဖြစ်သူ Hassan Kobeitri က ပြောကြားရာတွင် Abi Chaker သည် ၎င်း၏ စက်ရုံတွင် ဖန်ကွဲစများကို အမျိုးအစားခွဲခြားရန်နှင့် ပြန်လည်အသုံးပြုနိုင်ရေးအတွက် ပြင်ဆင်ရန် လူ နှစ်ဦးကို အလုပ်ခန့်ထားကြောင်း သိရသည်။ 

“ကျွန်တော်တို့ တစ်လလောက်အတွင်းမှာ နေ့စဉ် ဖန်ကွဲစ နှစ်တန်ခန့် လက်ခံရရှိခဲ့ပြီး ဖန်ထည် တန် ၅၀ လောက် ပြန်လည်အသုံးပြုနိုင်အောင် လုပ်ခဲ့တယ်” ဟု Kobeitri က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ထရီပိုလီမြို့ရှိ ဖန်စက်ရုံနှစ်ရုံသည် ပေါက်ကွဲမှုဂယက်ရိုက်ခတ်မှုကို သက်သာလျော့ပါးစေရန် ကူညီသည့်အနေဖြင့် ဖန်ကွဲစများ ပြန်လည်အသုံးပြုရန်ဆောင်ရွက်ခြင်း ကုန်ကျစရိတ်ကို တာဝန်ယူထားကြောင်း ၎င်းက ဆိုသည်။ “ကျွန်တော်တို့က ဖန်ကွဲစတွေကို အရည်ကျိုလိုက်ပြီး အရည်ပျော်သွားတဲ့ ဖန်တွေကို ရေခရားတွေ၊ ဖန်ခွက်တွေနဲ့ ထိုင်ခုံတွေအဖြစ် ပြန်လည်အသုံးပြုဖို့ အသင့်ဖြစ်အောင် လုပ်ဆောင်တာဖြစ်ပါတယ်” ဟု Kobeitri က ပြောခဲ့သည်။ 

ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုမှ ကွဲကြေသွားသော စုစုပေါင်း ဖန်ကွဲစ ၆၆ တန်ကို ပြန်လည်အသုံးပြုနိုင်ရန် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လာမည့် ၁၀ ရက်အတွင်း နောက်ထပ် ၃၅ တန်ခန့် ရရှိရန် မျှော်မှန်းထားကြောင်း Abi Chaker က ဆိုသည်။ အစိတ်စိတ်အမွှာမွှာကွဲကြေသွားသော ဖန်စများမှ ပြန်လည်ထုတ်လုပ်ထားသော ထုတ်ကုန်များစုစည်းမှုကို စက်တင်ဘာ ၁၂ ရက်က Mar Mikhael  ရပ်ကွက်ရှိ အပတ်စဉ် လယ်သမားဈေးကွက် Souk el Tayeb တွင် စက်တင်ဘာ ၁၂ ရက်က ပြသခဲ့ကြောင်း သိရသည်။  (Xinhua)