Connect with us

Africa & Middle East

အာဖဂန်အစိုးရ နှင့် တာလီဘန်အကြား ဆွေးနွေးပွဲစတင်ခြင်းအပေါ် ကုလ အကြီးအကဲ ကြိုဆို

ဒိုဟာမြို့၌ ပြုလုပ်မည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေး အဆင့်မြင့် ကောင်စီ ဥက္ကဌ Abdullah Abdullah အာဖဂန်နိုင်ငံ ကဘူလ်းမြို့ရှိ ကဘူးလ်နိုင်ငံတာလေဆိပ်မှ စတင်ထွက်ခွာလာသည်ကို စက်တင်ဘာ ၁၁ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ကာတာနိုင်ငံ ဒိုဟာမြို့၌ အာဖဂန်အစိုးရ နှင့် တာလီဘန်တို့အကြား ဆွေးနွေးပွဲ စတင်ခြင်းအပေါ် စက်တင်ဘာ ၁၂ ရက်က ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

“ ဒိုဟာမြို့မှာ ဒီနေ့ပြုလုပ်တဲ့ အာဖဂန်-အချင်းချင်းကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်ပါပြီ ၊ အာဖဂန်နစ္စတန်အစ္စလာမ္မစ်သမ္မတနိုင်ငံ နဲ့ တာလီဘန်တပ်ဖွဲ့တို့အကြား ဆွေးနွေးပွဲဟာ အာဖဂန်ပြည်သူတွေ ကာလရှည်ကြာ လိုလားတောင်းတနေတဲ့ ငြိမ်းချမ်းရေး အောင်မြင်ဖို့ အခွင့်ရေးကြီးတစ်ရပ်ပါပဲ ” ဟု ဗီဒီယိုရုပ်သံမှတစ်ဆင့် ပေးပို့သော သတင်းစကားတွင် ကုလသမဂ္ဂအကြီးအကဲက ထည့်သွင်းပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Khogyani ခရိုင်တွင်လုံခြုံရေးကင်းလှည့်နေသော အာဖဂန်တပ်ဖွဲ့ဝင်များအား ဇူလိုင် ၂၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)  

အာဖဂန်လူမျိုးများကိုယ်တိုင် ဆွေးနွေးရမည့် ကြောင်းအရာများ နှင့် အားရကျေနပ်ဖွယ်ဖြစ်အောင် စိတ်ပိုင်းဖြတ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း ဆိုသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ၊ လူငယ်များ နှင့် ပဋိပက္ခအတွင်း သားကောင်ဖြစ်ခဲ့ရသူများ အားလုံးပါဝင်၍ ကိုယ်စားပြုခြင်းက အဓိပ္ပါယ်ပြည့်ဝစေမည်ဖြစ်ကြောင်း ၊ ရေရှည်တည်တံ့သော အဖြေတစ်ခုကို ရရှိရန် မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် ၎င်းတို့၏ ကဏ္ဍကို သေချာအောင်ဆောင်ရွက်ရမည်ဖြစ်ပြီး အမျိုးသမီးများပါဝင်မှုကို အခန်းကဏ္ဍအမျိုးမျိုးတွင် ထည့်သွင်းကြရမည်ဖြစ်ကြောင်း နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်သည် ၎င်းတို့၏ မတူကွဲပြားမှု အားလုံးတွင် အာဖဂန်အမျိုးသမီးများ၏ အတွေ့အကြုံ နှင့် ကျွမ်းကျင်မှုကိုလည်း ထင်ဟပ်စေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“  ကျွန်တော့်အနေနဲ့ ဒီနှစ်ထဲမှာ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ နှစ်ဖွဲ့စလုံးကို တိုက်တွန်းခဲ့ပြီးဖြစ်ပါတယ် ၊ ဆွေးနွေးပွဲတွေလုပ်နေချိန်မှာလည်း အရပ်သားတွေကို ကာကွယ်ပေးဖို့ နဲ့ ပဋိပက္ခအရှိန်ကို လျှော့ချပေးဖို့ နှစ်ဖက်စလုံးကို ကျွန်တော်တိုက်တွန်းပါတယ်၊ ဆွေးနွေးပွဲတွေဖြစ်ဖို့အတွက် မှန်ကန်တဲ့ပတ်ဝန်းကျင်အနေအထားတစ်ခုဖန်တီးရမှာဖြစ်သလို လူ့အသက်တွေကိုလည်းပဲ ကာကွယ်ပေးရမှာဖြစ်ပါတယ် ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်မှုဟာ ပြည်တွင်းမှာရော နယ်စပ်ဖြတ်ကျော်ပြီးတော့ရော ရှောင်တိမ်းနေကြရတဲ့ နေရပ်စွန့်ခွာ အာဖဂန်ပြည်သူ ထောင်ပေါင်းများစွာအတွက် သူတို့နေရပ်ကို ဘေးကင်းစွာ ၊ ဂုဏ်သိက္ခာရှိစွာနဲ့ အစီအစဉ်တကျ ပြန်လာနိုင်ကြမှာဖြစ်ပါတယ်” ဟု ဂူတာရက်စ်က ဆိုသည်။

အာဖဂန်ခေါင်းဆောင်များအားလုံး နှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ငြိမ်းချမ်းရေးအမှန်တကယ်ရရှိအောင် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားရန် အလွန်အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့ပြီး ကုလသမဂ္ဂအနေဖြင့် အာဖဂန်-အချင်းချင်းကြားဆွေးနွေးပွဲများ နှင့် နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ခံအားပေးရန် အသင့်ရှိကြောင်း ကတိပြုပြောကြားခဲ့သည်။(Xinhua)