Connect with us

Africa & Middle East

ရုရှားစစ်တပ်က ငါးနှစ်အတွင်း ဆီးရီးယားရှိ စစ်သွေးကြွ ၁၃၃,၀၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့

ဆီးရီးယားနိုင်ငံ၌ IS အကြမ်းဖက်သမားများခိုအောင်းရာနေရာပေါ်သို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ရုရှားနိုင်ငံ Tu-22M3 ဗုံးကျဲလေယာဉ်တစ်စင်းပေါ်မှ ဗုံးကျဲချနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံတွင် လုပ်ဆောင်လျက်ရှိသည့် ရုရှားနိုင်ငံ၏ အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ပွဲများသည် နိုင်ငံ၏ စစ်ရေးစွမ်းရည်မြင့်မားမှုကို ဖော်ပြနေခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Sergei Shoigu က စက်တင်ဘာ ၃၀ ရက်တွင် ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်တွင်  ဖော်ပြထားသည်။

“ ဆီးရီးယားစစ်ဆင်ရေးတွေဟာ ရုရှားစစ်တပ်ရဲ့ စစ်ရေးစွမ်းရည်မြင့်မားမှုကို အခြေခံကျကျ သက်သေပြနေခြင်းဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး Shoigu က ရုရှားနိုင်ငံ Krasnaya Zvezda သတင်းစာတွင် ဆောင်းပါးရေးသားဖော်ပြခဲ့သည်။ အဆိုပါဆောင်းပါသည် ဆီးရီးယားနိုင်ငံတွင် ရုရှားနိုင်ငံ၏ အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ဆောင်ခဲ့သည့် ငါးနှစ်တာ နှစ်ပတ်လည်ကာလကို ရည်စူးဖော်ပြသော ဆောင်းပါးတစ်ပုဒ်လည်းဖြစ်သည်။

“ ဒီစစ်ဆင်ရေးတွေက ဘာကိုဖော်ပြနေလဲဆိုရင် ရုရှားစစ်တပ်ဟာ နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းဖို့ ကမ္ဘာရဲ့ဘယ်နေရာမှာမဆို အောင်မြင်စွာ စွမ်းဆောင်နိုင်သလို သူ့ရဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေကို ထောက်ပံ့ပေးဖို့ အသင့်ရှိနေတယ်ဆိုတာကို ဖော်ပြနေခြင်း ဖြစ်ပါတယ် ” ဟု ၎င်းကဆိုသည်။

ရုရှားနိုင်ငံခေတ်သစ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ စစ်တပ်သည် ရွေ့လျားစစ်မြေပြင်တစ်ခုတွင် တပ်ဆွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

ရုရှားစစ်သားများသည် ဆီးရီးယားနိုင်ငံတွင် ဂိုဏ်းခေါင်ဆောင် ၈၆၅ ဦး နှင့် စစ်သွေးကြွ ၁၃၃,၀၀၀ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

“ ရုရှားသမ္မတဗလာတီမာပူတင်ရဲ့ ပြီးခဲ့တဲ့ ငါးနှစ်တာအတွင်း လုပ်ဆောင်ဖွယ်ရာတွေကတော့ ပြီးပြည့်စုံသွားပါပြီ၊ အိုင်အက်စ်အကြမ်းဖက်အဖွဲ့အစည်းကြီးဟာ ဆီးရီးယားမှာ ဆက်ပြီးခြေကုတ်မယူနိုင်တော့ပါဘူး ။ ဘယ်အကြမ်းဖက်သမားတစ်ယောက်မှ ရုရှားနိုင်ငံထဲကို ဝင်လာလို့ မရတော့ပါဘူး” ဟု Shoigu က ဆိုသည်။

အဆိုပါစစ်ဆင်ရေးများသည် ရုရှားနိုင်ငံ၏ အာဏာသက်ရောက်မှု နှင့် နိုင်ငံတကာလွှမ်းမိုးမှုကို တွန်းအားဖြစ်စေခဲ့ပြီး ရုရှားနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း နှင့် သံတမန်အခင်းအကျင်းကို အထီးကျန်အောင် ပထဝီနိုင်ငံရေးပြိုင်ဖက်များ၏ ကြိုးပမ်းအားထုတ်မှုကိုလည်း တန်ပြန်လုပ်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံတွင် Hmeymin နှင့် Tartus အမြဲတမ်းစစ်အခြေစိုက်စခန်းများအား တည်ဆောက်နိုင်ခဲ့ခြင်းမှာ ရုရှားနိုင်ငံ၏ အဓိက အောင်မြင်မှုဖြစ်ကြောင်း နှင့် အရှေ့အလယ်ပိုင်းဒေသတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အခွင့်အလမ်းဖြစ်ကြောင်း Shoigu ၏ ဆောင်းပါးတွင် ဖော်ပြထားသည်။(Xinhua)