Connect with us

Africa & Middle East

အီဂျစ် ရဲဌာန အဆောက်အဦး တိုက်ခိုက်ခံရမှုကြောင့် ၂၃ ဦး ဒဏ်ရာရ

ကိုင်ရို၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

ကြာသပတေးနေ့ အစောပိုင်းက ကိုင်ရိုမြို့အနီး Qalioubiya ဒေသရှိ အမျိုးသား လုံခြုံရေး အဆောက်အဦးအား ပစ်မှတ်ထားသည့် ပေါက်ကွဲမှုကြောင့် ရဲအရာရှိ ခြောက်ဦး အပါအဝင် အနည်းဆုံးလူ ၂၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံပိုင် ရုပ်သံမှ သတင်း ထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုမှာ ကားဗုံး ပေါက်ကွဲခြင်း ဖြစ်ပြီး ရဲဌာန အဆောက်အဦး အရှေ့ပိုင်း ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကြီးမားသော ပေါက်ကွဲသံကို ကိုင်ရိုနှင့် ဂီဇာမြို့ အနီးဝန်းကျင်က ဒေသတချို့အထိပါ ကြားခဲ့ရကြောင်းနှင့် ၎င်းပေါက်ကွဲမှုကြောင့် ကျောင်း တစ်ကျောင်း အပါအဝင် အနီးတဝိုက်က အဆောက်အဦးများပါ ထိခိုက်ခဲ့သည်ဟု မျက်မြင် သက်သေများက ဆိုသည်။

“ ချိန်ကိုက်ဗုံး အပြည့်ထည့်ထားတဲ့ ကားတစ်စီးကို အမျိုးသား လုံခြုံရေး အဆောက်အဦး အပြင်ဘက်မှာ ရပ်ထားခဲ့ပြီး ကားမောင်းသူက မော်တော် ဆိုက်ကယ်နဲ့ ထွက်သွားခဲ့ပါတယ်” ဟု ပြည်ထဲရေး ဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်တွင် ပြောထားပါသည်။

ရဲဋ္ဌာန၏ အကြီးတန်း အရာရှိများ၊ အရပ်ဘက် ကာကွယ်ရေး အမှုထမ်းများနှင့် ဗုံးကျွမ်းကျင် သူများသည် ပေါက်ကွဲမှု ဖြစ်ရာနေရာသို့ ချက်ချင်း ရောက်ရှိလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။

အီဂျစ်နိုင်ငံ၌ ၂၀၁၃ ခုနှစ်တုန်းက သမ္မတဟာင်း မိုဟာမက် မော်စီအား အစိုးရ စစ်တပ်မှ ဖယ်ရှားခဲ့ပြီးနောက် ပိုင်းတွင် အစိုးရကို ဆန့်ကျင်သော လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် ရဲနှင့် စစ်သား ရာပေါင်းများစွာ သေဆုံးခဲ့ရ သည်။ (Xinhua)