Connect with us

Africa & Middle East

အီရတ်နိုင်ငံတွင် အစိုးရအား ဆန့်ကျင်ဆန္ဒပြမှုအသစ်များကြောင့် လူ ၃၀ ဦးထက်မနည်းသေဆုံးပြီး ၂,၃၀၀ ကျော် ဒဏ်ရာရ

အီရတ်နိုင်ငံတွင် အစိုးရအား ဆန့်ကျင်ဆန္ဒပြနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒတ်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်အအပါအဝင် အခြားသောမြို့များ၌  အောက်တိုဘာ ၂၄ ရက်က ဒေါသထွက်နေသည့် အီရတ်နိုင်ငံသားများစွာက အစိုးရဆန့်ကျင်ဆန္ဒပြမှုအသစ် ပြုလုပ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၃၀ ဦးသေဆုံးခဲ့ပြီး ၂,၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၄ ရက် အစောပိုင်းကတည်းက ဆန္ဒပြသူများသည် Tigris မြစ်၏ အရှေ့ဘက်ခြမ်း ဘဂ္ဂဒက်မြို့လယ်ရှိ Tahrir ရင်ပြင်အတွင်း စုဝေးလာခဲ့ပြီး အစိုးရ၏ အုပ်ချုပ်ရေးစင်တာရှိရာ Green Zone သို့ ရောက်ရှိရေးအတွက် al-Jumhouriyah တံတားအားဖြတ်သန်းရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်၏ တားဆီးခြင်းခံရသည်။

ယင်းတံတားကို ဖြတ်သန်းရန် ထပ်ခါထပ်ခါကြိုးပမ်းလာခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၃ မီတာမြင့်သော ကွန်ကရစ်တုံးများဖြင့် တံတားကို အပြီးပိတ်ထားခဲ့ရသည်။

ထို့ပြင် ဆန္ဒပြသူများသည် အကျင့်ပျက်ခြစားမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် ပြုပြင်ပြောင်းလဲရေး၊ တာဝန်ခံမှုရှိရေးအတွက် တောင်းဆိုချက်ဖြင့် Dhi Qar, Basra, Maysan, Diwaniya, Muthanna, Karbala, Wasit နှင့် Najaf အပါအဝင် နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်း ပြည်နယ်များစွာရှိ မြို့များတွင်လည်း အောက်တိုဘာ ၂၄ ရက်က ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည်။

Diwaniya, Maysan, Wasit, Dhi Qar, Basra, Babli နှင့် Muthanna ပြည်နယ်များရှိ အစိုးရအဆောက်အအုံများ၊ ပါတီရုံးချုပ်များ စုစုပေါင်း ၅၀ ခန့် မီလောင်ကျွမ်းခြင်းနှင့် ဖျက်ဆီးခြင်းခံခဲ့ရကြောင်း အီရတ် လွတ်လပ်သော လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (IHCHR) က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ အဓိကရုဏ်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် လူ ၃၀ သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရသူများတွင် ဆန္ဒပြသူနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် ၂,၃၁၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း IHCHR ကြေညာချက်အရ သိရသည်။

ဆန္ဒပြမှုများသည် ဝန်ကြီးချုပ် အဒဲလ် အဗ္ဗဒူလ် မာဒီ (Adel Abdul Mahdi) က အကယ်၍ အစိုးရ နုတ်ထွက်ပါက ပရမ်းပတာဖြစ်မှု သတိပေးခြင်း၊ အစိုးရအဖွဲ့ ပြောင်းလဲရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေးနှင့် လာဘ်စားသည့် အရာရှိများအား တရားစွဲဆိုရန် တရားရုံးတစ်ခု တည်ထောင်ရေး ကတိပြုခြင်း စသည့် ရုပ်မြင်သံကြား၌ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယခုလအစောပိုင်းကလည်း ဘဂ္ဂဒတ်မြို့နှင့် အခြားသော အလယ်ပိုင်းနှင့် တောင်ပိုင်းပြည်နယ်များတွင်လည်း အလားတူ အကြောင်းပြချက်များအတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် လူပေါင်း ၁၅၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)