Connect with us

Asia

ကာဇက်စတန်နိုင်ငံက ၂၀၂၄ ခုနှစ်တွင် ကျေးရွာ ၃,၀၀၀ ကျော်ကို ခေတ်မီရန် လုပ်ဆောင်မည်

ကာဇက်စတန်နိုင်ငံရှိ ကျေးလက်ဒေသတစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

Nur-Sultan ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံက ၂၀၂၄ ခုနှစ်တွင် ဝေးလံခေါင်ဖျားသည့် ကျေးလက်ဒေသများရှိ ကျေးရွာပေါင်း ၃,၄၇၇ ရွာ၌  သောက်သုံးရေရှိရေး၊ လမ်းများနှင့် အခြေခံ လူမှုရေးအဆောက်အအုံများပြုပြင်ရေး စသည့် ဒေသဆိုင်ရာ အဆင့်အတန်းအသစ်များနှင့်အညီ ခေတ်မီစေရန် စီစဉ်ထားကြောင်း ပထမ ဒုတိယဝန်ကြီးချုပ် Alikhan Smailov က နိုဝင်ဘာ ၂၄ ရက်တွင် ပြုလုပ်သည့် Nur Otan ပါတီအစည်းအဝေး၌ ပြောကြားခဲ့သည်။

အာဏာရ Nur Otan ပါတီ ဒေသဆိုင်ရာရုံးခွဲများမှ ကိုယ်စားလှယ်များ တက်ရောက်လာကြသည့် အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် Smailov က ပါတီအနေဖြင့် ကာဇက်စတန်နိုင်ငံသားများ၏ ဘဝအဆင့်အတန်းနှင့် လူနေမှု မြင့်မားစေရန် ရည်ရွယ်ထားကြောင်း ပြောခဲ့သည်။

“အစိုးရက ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဖို့ အရေးပါတဲ့ရန်ပုံငွေ တစ်ရပ် ခွဲဝေသတ်မှတ်ထားပါတယ်” ဟု Nur Otan ပါတီ ပထမ ဒုတိယဥက္ကဋ္ဌ Bauyrzhan Baibek က ပြောခဲ့သည်။

ထို့ပြင် ဒုတိယဝန်ကြီးချုပ် Berdibek Saparbayev ကလည်း ကာဇက်စတန်နိုင်ငံအနေဖြင့် ပညာရေးနှင့် အားကစား အဆောက်အအုံများတွင် မြို့ပြနှင့် ကျေးလက် ကွာဟမှု နည်းပါးစေရန် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကျောင်းဆရာများ၊ ယဉ်ကျေးမှုဆိုင်ရာ အလုပ်သမားများ၊ ဆရာဝန်များနှင့် သူနာပြုများ၏ လစာများကို ၂၀၂၀ ခုနှစ်၌ ၂၀ ရာခိုင်နှုန်းကျော် တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)