Connect with us

Asia

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နှင့် အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

တတိယအကြိမ်မြောက် တရုတ်-အာဖဂန်-ပါကစ္စတန် သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်)

အစ္စလာမ်မာဘတ် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် စက်တင်ဘာ ၇ ရက်က အစ္စလာမ်မာဘတ်တွင် တတိယအကြိမ်မြောက် တရုတ်-အာဖဂန်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်စဉ် အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Salahuddin Rabbaniနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံနှင့် အာဂန်နစ္စတန်နိုင်ငံသည် အစဉ်အလာအရချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြသလို မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ ဖြစ်ကြရာ အပြန်အလှန် ထောကခံမှု၊နားလည်မှု၊ ယုံကြည်မှုများ အမြဲတည်ရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံ၏ဗဟိုအကျိုးစီးပွားနှင့်စပ်လျဉ်းသည့်အခါတွင် အာဖဂန်၏ ခိုင်မာသည့်ထောက်ခံမှုများကို အသိအမှတ်ပြုကြောင်းနှင့် အရှေ့တာကစ်စတန် အစ္စလာမ်မစ်လှုပ်ရှားမှု (ETIM)အကြမ်းဖက် အင်အားစုများကို နှိမ်နှင်းရာတွင် အာဖဂန်အစိုးရ၏ ဆောင်ရွက်မှုများကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ၏အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာအား ကာကွယ်စောင့်ရှောက်မှုများကို ထောက်ခံ့အားပေးကြောင်း ၊ အာဖဂန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီမှုကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်သွားလိုကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမတည်ဆောက်မှုတွင် ထဲထဲဝင်ဝင်ဆောင်ရွက် သွားကာ အပြန်အလှန်အကျိုးဖြစ်ထွန်းမည့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု များကို တွန်းအားပေး ဆောင်ရွက်သွားပြီး အာဖဂန်၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရေးတို့တွင် တစ်တပ်တစ်အား ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

လက်ရှိ အာဖဂန်နစ္စတန်နိုင်ငံ၏အခြေအနေသည် မြန်ဆန်သည့်ပြောင်းလဲမှုများရှိရာ သမိုင်းဝင်ငြိမ်းချမ်းရေးအခွင့်အလမ်းများရှိသလို ရှုပ်ထွေးလှသော အန္တရာယ် စိန်ခေါ်မှုများရှိနေကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံ၏ အချုပ်အခြာအာဏာလွတ်လပ်မှုနှင့် ပြည်သူ့ဆန္ဒကို ဆက်လက်လေးစားအလေးထားမည်ဖြစ်ပြီး အာဖဂန်ဦးဆောင်မှုနှင့် အာဖဂန်ကိုယ်ပိုင်သွင်ပြင်လက္ခဏများအဖြစ် အာဖဂန်နစ္စတန်နိုင်ငံ၏ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကိုလည်း အခိုင်အမာဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Salahuddin Rabbaniကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်အထိမ်းအမှတ်အား ဂုဏ်ပြုပါကြောင်း ၊ တရုတ်နိုင်ငံသည် အာဖဂန်၏ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းအဖြစ်အမြဲတည်ရှိရာ အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေး၊တည်ငြိမ်၊ ဖွံ့ဖြိုးရေးစသည့် ကဏ္ဍများတွင် ကာလကြာရှည် အားပေးကူညီထောက်ခံခဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံတွန်းအားပေးကျင်းပသည့် တရုတ်-အာဖဂန်-ပါကစ္စတန် သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံဆွေးနွေးပွဲကို အထူး ကျေနပ်အားရမိကြောင်း၊ ဆွေးနွေးပွဲမှတစ်ဆင့် သုံးနိုင်ငံ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုများကို အဆက်မပြတ်တိုးမြှင့်ဆောင်ရွက်သွားကာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုနှင့် အကြမ်းဖက် ဆန့်ကျင်တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)