Connect with us

Asia

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံအရ လာဟိုး မီးရထားလမ်း စီမံကိန်း တည်ဆောက်မှု အောင်မြင်စွာ ပြီးစီး

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံအရ လာဟိုး မီးရထားလမ်း စီမံကိန်းတည်ဆောက်ပြီးစီးခြင်းနှင့် စမ်းသပ်မောင်းနှင်ခြင်းအခမ်းအနား မြင်ကွင်းများ(ဆင်ဟွာ)

လာဟိုး၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ လာဟိုး မီးရထားလမ်း လိမ္မော်ရောင်လိုင်း စီမံကိန်း (OLMT)တည်ဆောက်ပြီးစီးခြင်းနှင့် စမ်းသပ်အသုံးပြုမောင်းနှင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။၎င်းမှာ ပါကစ္စတန်၏ ပထမဆုံး လူအများအပြား ခရီးသွားနိုင်သော မြို့ပြရထားလမ်း စီမံကိန်း အောင်မြင်စွာတည်ဆောက်ပြီးစီးခြင်း ဖြစ်ကြောင်း သိရသည်။ 

အဆိုပါစီမံကိန်းသည် ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် (PunJab)၊ လာဟိုးမြို့(Lahore)မြို့တွင် တည်ရှိရာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC)၏ အစောပိုင်းကာလ အောင်မြင်မှုရစီမံကိန်းတစ်ခုဖြစ်သည်။ China Railway Corporation(CR) နှင့် China North Industries Corporation(NORIMCO)တို့မှ ပူးပေါင်းတာဝန်ယူတည်ဆောက်ထားသည့် ၎င်းစီမံကိန်း၏ စုစုပေါင်း ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံရှိပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် စတင်တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

စီမံကိန်း အခမ်းအနားတွင် ပန်ဂျပ်ပြည်နယ် ဆက်သွယ်ရေးဝန်ကြီး Jahanzaib Khan Khichiက 

လာဟိုးမြို့ OLMT စီမံကိန်းသည် ပါကစ္စတန်-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေး၏ အမှတ်လက္ခဏာတစ်ခု ဖြစ်ကြောင်း ၊ ပန်ဂျပ်ပြည်နယ်အနေဖြင့် ပြည်နယ်အတွင်း စီးပွားရေးစင်္ကြံအခြားစီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

OLMTစီမံကိန်းသည် ဒေသခံများအတွက် အရည်အသွေးမြင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများကိုပေးနိုင်မည့်အပြင် လမ်းကြောင်းတစ်လျှောက်ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားဖြစ်စေမည့်အပြင် ကားအိုကားဟောင်းများ၏အသုံးပြုမှုက လျော့နည်းသွားကာ လာဟိုးမြို့ လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ၊ ယခုကဲ့သို့ စီမံကိန်းများကို ပန်ဂျပ်ပြည်နယ်အခြားဒေသများတွင် လက်တွေ့ဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။

လာဟိုး OLMTစီမံကိန်း လက်ထောက်အထွေထွေမန်နေဂျာ ဝမ်ယွင်က  OLMTစီမံကိန်း တွင် ရှေ့တန်းရောက် တရုတ်နိုင်ငံ နည်းပညာ ၊ စံချိန်စံညွှန်းနှင့် စက်ပစ္စည်းများကို အသုံးပြုထားခြင်းဖြစ်ရာ စနစ်တိုင်းက ကမ္ဘာ့ရှေ့တန်းအရည်အသွေးပြည့်မီသလို တရုတ်နိုင်ငံ၏ စံချိန်စံညွှန်း၊ပါကစ္စတန်နိုင်ငံ၏ ဒေသလက္ခဏာများ ပေါင်းစပ်အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ၊ တရုတ်ဘက်မှ နောက်ဆက်ပြီး ထိန်းညှိစမ်းသပ်မှုနှင့် စမ်းသပ်သွားလာမည့် လုပ်ငန်းစဉ်များကို အရှိန်မြင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်တွင် လည်ပတ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

OLMT မီးရထားလမ်းစီမံကိန်း၏ စုစုပေါင်းအရှည်မှာ ၂၅ ဒသမ ၅၈ ကီလိုမီတာရှိပြီး အထပ်မြင့်ဘူတာ(elevated stops) ၂၄ ခု ၊ မြေအောက်ဘူတာ ၂ ခု  စုစုပေါင်း ဘူတာ ၂၆ ခု ဖြင့် လာဟိုးမြို့ လူစည်ကားရာနေရာများကို ချိတ်ဆက်ထားကြောင်း သိရသည်။စီမံကိန်း အစီအစဉ်အရ ကနဦးကာလတွင် မီးရထား ၂၇ စီးဖြင့် လည်ပတ်မည်ဖြစ်ရာ နေ့စဉ် သယ်ယူပို့ဆောင်နိုင်မည့် ခရီးသည်အရေအတွက်မှာ ၂သိန်းခွဲခန့်ရှိမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် နေ့စဉ် ခရီးသည်  ၅ သိန်းခန့်အား သယ်ယူပို့ဆောင်နိုင်ရန် တစ်ဆင့် တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)