Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ ကွမ်ဂျိုးမြို့ရှိ ညကလပ်ပြိုကျ၊ လူ ၂ ဦးသေဆုံး၊ အားကစား ၉ ဦးနှင့် အခြားသူ ၈ ဦးဒဏ်ရာရ

တောင်ကိုရီးယားနိုင်ငံတွင် ညကလပ်တစ်ခု၏ ထပ်ခိုးပြိုကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွမ်ဂျူး၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံတွင် ၁၈ ကြိမ်မြောက် FINA World Championships ကျင်းပနေသည့် နိုင်ငံအနောက်တောင်ပိုင်း ကွမ်ဂျိုးမြို့တွင် ဇူလိုင်လ ၂၇ ရက် နံနက်အစောပိုင်းက ညကလပ်တစ်ခု၏အတွင်းပိုင်းထပ်ခိုးပြိုကျမှုကြောင့် တောင်ကိုရီးယားနိုင်ငံသား ၂ ဦးသေဆုံး၍ အားကစားသမား ၉ ဦးနှင့် အခြားလူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသစံတော်ချိန် နံနက် ၂း၂၉ နာရီခန့်က ညကလပ်အတွင်းပိုင်းရှိ အောက်ထပ်မှ ၂ ဒဿမ ၅ မီတာခန့်မြင့်သောထပ်ခိုးမှာ လူများပေါ်သို့ ရုတ်တရက် ပြိုကျခဲ့ကြောင်း၊ မိသားစုအမည် ချွဲ (Choi) နှင့် အို (Oh) ဟူ၍သာ သိရသည့် တောင်ကိုရီးယားနိုင်ငံသား ၂ ဦး သေဆုံးခဲ့ကြောင်း ကွမ်ဂျူပြည်နယ် မီးသတ်နှင့် ဘေးကင်းလုံခြုံမှုဌာနချုပ်၏ ပြောကြားချက်အား ကိုးကားကာ Yonhap သတင်းအေဂျင်စီက ဖော်ပြထားသည်။

ထို့ပြင် ယင်းမြို့သို့ ရေကူးပြိုင်ပွဲအတွက် လာရောက်ခဲ့သော အားကစားသမား ၉ ဦးနှင့် အခြားသူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြသည်။ အဆိုပါ အားကစားသမား ၉ ဦးတွင် အမေရိကန်နိုင်ငံသား ၄ ဦး၊ နယူးဇီလန်နိုင်ငံသား ၂ ဦး၊ နယ်သာလန်နိုင်ငံသား ၁ ဦး၊ အီတလီနိုင်ငံသား ၁ ဦးနှင့် ဘရာဇီးနိုင်ငံသား ၁ ဦးတို့ဖြစ်ကြောင်း၊ ယင်းအနက် ၆ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။၎င်းတို့တွင် ဘရာဇီးနိုင်ငံသားမှလွဲ၍ ကျန်သူအားလုံးမှာ ဝါတာပိုလိုကစားသမားများဖြစ်ကြသည်။ ဒဏ်ရာရသူများအနက် ပေါက်ပြဲဒဏ်ရာအတွက် အသေးစားခွဲစိတ်ကုသမှု လုပ်ရသော်လည်း မည်သည့်အားကစားသမားမျှ စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း သိရသည်။ (Xinhua)