Connect with us

Eastern Europe

ခရိုင်းမီးယားကောလိပ်တိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး ၁၉ ဦးသေဆုံး ၊ ၄ဝ ကျော်ဒဏ်ရရာ

ရုရှားနိုင်ငံ ခရိုင်းမီးယားရှိ ကောလိပ်ကျောင်းတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရသူများအားတွေ့ ရစဉ်(ဆင်ဟွာ)

ကိဗ် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

ခရိုင်းမီးယားဒေသ Kerch မြို့ရှိကောလိပ်ကျောင်းတစ်ခု၌ အောက်တိုဘာ ၁၇ ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၉ ဦးသေဆုံးကြောင်း ၊ အများစုမှာ ဆယ်ကျော်သက်များဖြစ်ကြောင်း နှင့် အခြား လူ ၄ဝ ခန့်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဆိုသည်။

ကနဦးသတင်းဖော်ပြချက်အရ Kerch ပေါ်လီနည်းပညာကောလိပ်၌ အောက်တိုဘာ ၁၇ ရက် နံနက်အစောပိုင်းတွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၅ဝ ဦးထက် မနည်းရှိကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ကောလိပ်ကျောင်း၌ သေနတ်ပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက်အသုံးပြုသူများက ရေးသားဖော်ပြခဲ့သည်။

အချင်းဖြစ်နေ့နှောင်းပိုင်းတွင် ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီ က “ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” ဟုပြောကြားခဲ့ပြီး ၊ ကျူးလွန်သူအဖြစ်သံသယ ရှိသူမှာ အသက် ၁၈ နှစ်အရွယ် Vladislav Roslyakov ဟုဆိုသည်။

Roslyakov သည် စတုတ္ထနှစ်ကောလိပ်ကျောင်းသားတစ်ဦးဖြစ်ပြီး တိုက်ခိုက်မှုကျူးလွန်ပြီးနောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြောင်း စုံစမ်းစစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

၂ဝ၁၄ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲတစ်ခုပြုလုပ်ခဲ့ပြီးနောက် ခရိုင်းမီးယားဒေသသည် ရုရှားနိုင်ငံ၏အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်လာခဲ့ပြီး ယူကရိန်းနိုင်ငံကမူ ယင်းဒေသမှာ သိမ်းပိုက်ခံရကြောင်း ဆိုထားသည်။

ခရိုင်းမီးယားတွင် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် သုံးရက် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.