Connect with us

Europe

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ဓါးကိုင်အကြမ်းဖက်မှုတစ်ခုဖြစ်ပွား ၊ လူ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

ပြင်သစ်နိုင်ငံ လီယွန်းမြို့တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပါရီ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ဗီလာဘန်း(Villeurbanne) မြို့တွင် သြဂုတ် ၃၁ ရက် ညနေပိုင်းက ဓားကိုင်အကြမ်းဖက်မှုတစ်ခုဖြစ်ပွားရာ လူ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်သစ်မီဒီယာများ၏ ယင်းနေ့တွင်ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

အချင်းဖြစ်ပွားချိန်မှာ ညနေ ၄ နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပြီး ဗီလာဘန်း(Villeurbanne) မြို့၏ ရထား ဘူတာအနီးတွင် အမျိုးသားတစ်ဦးက လမ်းသွားလမ်းလာများကို ဓားကိုင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်မှုကြောင့် ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း BFMTV သတင်းများအရ သိရသည်။

ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီဖြစ်ပြီး ၎င်းမှာ အသက် ၃၃ နှစ်အရွယ် အာဖဂန်လူမျိုး ဒုက္ခသည်တစ်ဦးဖြစ်ကြောင်းနှင့် ယခင်ကပြစ်မှုမှတ်တမ်းမရှိကြောင်း လီယွန်း(Lyon)မြို့ အမှုစစ်ရုံး၏ ထုတ်ပြန်သည့်သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ပြင်သစ်ရဲတပ်ဖွဲ့နှင့် အမှုစစ်ရုံးက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။(Xinhua)