Connect with us

Europe

လုံခြုံရေးခြိမ်းခြောက်မှုကြောင့် ကနေဒါ ဝန်ကြီးချုပ် ရွေးကောက်ပွဲ စည်းရုံးရေးရာတွင် ကျည်ကာအင်္ကျီ ဝတ်ဆင်

လုံခြုံရေးတင်းကြပ်စွာဖြင့် ရွေးကောက်ပွဲစည်းရုံးရေးသို့ လာရောက်သည့် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အော့တဝါ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (Justin Trudeau) သည် သေချာမသိရသည့် လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုကြောင့် တိုရန်တိုမြို့တွင် အောက်တိုဘာ ၁၂ ရက်က ရွေးကောက်ပွဲ စည်းရုံးရေး၌ ကျည်ကာအင်္ကျီ ဝတ်ဆင်ခဲ့ကြောင်း ဒေသခံ CTV မီဒီယာအရ သိရသည်။

လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်လည်းဖြစ်သူ ထရူးဒိုးသည် Mississauga မြို့တွင် ထောက်ခံသူ ၂,၀၀၀ ခန့် စုဝေးရာနေရာသို့ တစ်နာရီခွဲနောက်ကျပြီးမှ ရောက်ရှိလာခဲ့သည်။

တူညီဝတ်စုံဝတ်ဆင်ထားသော ကျောပိုးအိတ်များလွယ်ထားသည့် ရဲအရာရှိများနှင့် အရပ်ဝတ်အရပ်စား ဝတ်ဆင်ထားသော အရာရှိများက လူထုနှင့် နှုတ်ဆက်ခြင်း၊ မိန့်ခွန်းပြောခြင်း ပြုလုပ်နေသည့် ထရူးဒိုးအား ဝန်းရံထားခဲ့သည်။ ဝန်ကြီးချုပ် ထရူးဒိုး၏ ပုံရိပ်သည် ပုံမှန်ထက် လုံခြုံရေးပိုမို အသုံးပြုထားသည်ကို CTV ရုပ်သံရိုက်ကူးပြသချက်အရ သိရသည်။

အင်္ကျီလက် ခေါက်လျက်၊ လည်စည်း လျော့တိလျော့ရဲဖြင့်  လူထုအား လက်ဆွဲနှုတ်ဆက်လျက်၊ ဓာတ်ပုံရိုက်လျက်ရှိဖြင့် မကြာခဏတွေ့မြင်နေရသည့် ထရူးဒိုး အနီးဝန်းကျင်၌ လက်နက်အင်အားများစွာဖြင့် အထူးလုံခြုံရေးအဖွဲ့အား တွေ့ရသည်မှာ မကြုံစဖူးလောက်နီးပါးဖြစ်သည်။ 

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ထရူးဒိုး၏ ပြိုင်ဘက် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် အင်ဒရူးရှီးရာ (Andrew Scheer) က “အလွန်စိတ်ပျက်မိကြောင်း” ပြောကြားခဲ့သလို New Democratic ပါတီခေါင်းဆောင် ဂျက်ဂ်မိဆင်း (Jagmeet Singh) ကလည်း “ကျွန်တော်တို့အားလုံးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ကြောင်း” ပြောကြားခဲ့ကြသည်။ (Xinhua)