Connect with us

Europe

လူနှစ်ဦးသေဆုံးခဲ့သည့် ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နယူးဇီလန် ရှိ ခရီးသွားမြို့၌ အရေးပေါ်အခြေအနေ ထုတ်ပြန်

အင်အားပြင်းငလျင်ကြောင့် နယူးဇီလန်နိုင်ငံ ဝယ်လင်တန်မြို့ ရှိ နေအိမ်တစ်ခုအတွင်းရှိ ပစ္စည်းများ လဲပြိုကျနေစဉ် (ဆင်ဟွာ)

ဝယ်လင်တန်၊ နိုဝင်ဘာ ၁၄ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ တွင် ဒေသစံတော်ချိန် နိုဝင်ဘာ ၁၄ရက် နေ့ အစောပိုင်း က လူသေဆုံးမှု ဖြစ်ပွားစေခဲ့သည့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီးနောက် ခရီးသွားမြို့ဖြစ်သည့် Kaikoura မြို့ နှင့် အနီး ရှိ ဧရိယာများ ၌ အာဏာပိုင်များက အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း သိရသည်။

သန်းခေါင်ယံကျော် အချိန်တွင် လှုပ်ခတ်ခဲ့သောအင်အား ရစ်ချ်တာစကေး ၇.၅ ပမာဏရှိသည့် ငလျင်ကြောင့် အဆောက်အအုံများပြိုကျမှုများ၊ မြေပြိုမှုများဖြစ်ပေါ်ကာ ယင်းမြို့သို့ သွားရောက်သည့် လမ်းများ ပိတ်ဆို့ကုန်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ငလျင်ကြောင့် လူနှစ်ဦးသေဆုံးကြောင်း အတည်ပြုခဲ့ပြီး အရေးပေါ်ဋ္ဌာနများက ငလျင်လှုပ်ခတ်ခဲ့သည့် ဧရိယာများ၌ ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ပြည်တွင်းကာကွယ်ရေး နှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး ဝန်ကြီးဋ္ဌာန (MCDEM) က Kaikoura မြို့ နှင့် ၎င်း၏ အိမ်နီးချင်း Hurunui ခရိုင် တို့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ကြောင်း ပြောကြားခဲ့သည်။

နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီး က “ယခုအချိန်မှာရရှိတဲ့ အကောင်းဆုံး သတင်းအချက်အလက်များအရ နှစ်ယောက်ပဲ သေဆုံးတယ်လို့ သိရပေမယ့် သတင်းရရှိရန်ခက်ခဲတဲ့ အချို့နေရာတွေရှိနေတဲ့ အတွက်ကြောင့် ယခုသတင်းဟာ ၁၀၀ရာခိုင်နှုန်း မှန်တယ်လို့ မသတ်မှတ်နိုင်ပါဘူး” ဟုပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်မှုအား ပြင်းထန်စွာခံစားခံရသည့် မြို့တော် ဝယ်လင်တန် တွင်လည်း အဆောက်အအုံများအား အင်ဂျင်နီယာများက ကြံ့ခိုင်မှု ရှိ၊မရှိ စစ်ဆေးနေကြောင်း သိရသည်။

ငလျင်သည် တောင်ပိုင်းကျွန်း၏ အရှေ့ဘက် ရှိ Culverdenမြို့ အရှေ့မြောက်ဘက် ၁၅ကီလိုမီတာ ကို ဗဟိုပြု၍ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၄ရက် နံနက် ၀၀း၀၂ နာရီ တွင် လှုပ်ခတ်ခဲ့ကြောင်း အစိုးရ၏ ဘူမိဗေဒကွန်ရက် လေ့လာစောင့်ကြည့်ရေး ဋ္ဌာန ၏ဖော်ပြချက်အရသိရသည်။

ငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခဲ့ပြီး ၎င်းတို့အနက် အင်အားအပြင်းဆုံးမှာ ၆.၂ ရစ်ချ်တာစကေးရှိကြောင်း သိရသည်။

ပြည်တွင်းကာကွယ်ရေး နှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး ဝန်ကြီးဋ္ဌာန (MCDEM) က မြောက်ပိုင်းကျွန်းပေါ်ရှိ ဝယ်လင်တန်မြို့ မှ တောင်ပိုင်ကျွန်း အရှေ့ပိုင်းရှိ ကျွန်းဆွယ် ကမ်းပါးများအထိ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.