Connect with us

International Organizations

ဆော်ဒီရေနံကုမ္ပဏီတိုက်ခိုက်ခံရမှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပြစ်တင်ရှုံ့ချ

ဆော်ဒီရေနံကုမ္ပဏီ Aramco ၏ Abqaiq လုပ်ငန်းခွင်နေရာ မီးလောင်နေမှုအား စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံရှိ ရေနံကုမ္ပဏီတိုက်ခိုက်ခံရမှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြစ်တင်ရှုံ့ချလိုက်ကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က စက်တင်ဘာ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

ဆော်ဒီရေနံကုမ္ပဏီ Aramco တိုက်ခိုက်ခံရမှုကို ဂူတာရက်စ်က ပြစ်တင်ရှုံ့ချလိုက်ကြောင်းနှင့် တင်းမာမှုများ ဆက်လက်မြင့်တက်မှုမရှိစေရန် ဘက်ပေါင်းစုံ အတတ်နိုင်ဆုံး ထိန်းသိမ်းကြရန်၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လိုက်နာကြရန် တိုက်တွန်နှိုးဆော်ခဲ့ကြောင်း Stephane Dujarric က ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက Aramcoရေနံကုမ္ပဏီ၏ နေရာနှစ်ခု ကို ဒရုန်းများဖြင့်တိုက်ခိုက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဆော်ဒီရေနံစိမ်းတင်ပို့မှုသည် နေ့စဉ် ရေနံစည် ၅၇ သိန်း လျော့နည်းသွားရာ ၎င်းမှာ ရေနံနေ့စဉ်ထုတ်လုပ်မှုပမာဏ၏ ၅၀ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း ဆော်ဒီ စွမ်းအင်ဝန်ကြီး Abdulaziz bin Salman Al Saud က စက်တင်ဘာ ၁၅ရက်တွင် ပြောကြားခဲ့သည်။

ယီမင်ဟူသီလက်နက်ကိုင်အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၁၄ ရက်တွင် မောင်းသူမဲ့ဒရုန်းယာဉ် ၁၀ စီးစေလွှတ်၍ Aramcoရေနံကုမ္ပဏီ၏ Abqaiq နှင့် Khurais နေရာနှစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။ (Xinhua)