Connect with us

International Organizations

အဆင်းရဲဆုံးနိုင်ငံများ၏ ကြွေးမြီသည် ကပ်ရောဂါမတိုင်မီက ကန်ဒေါ်လာ ၇၇၄ ဘီလီယံဖြင့် စံချိန်တင် မြင့်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ကမ္ဘာ့ဘဏ်ရုံးချုပ်အား ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ၏ စုစုပေါင်းပြင်ပကြွေးမြီသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၇၄ ဘီလီယံ ရှိခဲ့ရာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက်က ကမ္ဘာ့ဘဏ်အုပ်စု၏ နောက်ဆုံးထုတ်ပြန်သော နိုင်ငံတကာကြွေးမြီစာရင်းအင်း (IDS) အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

“အထူးသဖြင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစွာအနေနဲ့ COVID-19 ကပ်ရောဂါမတိုင်မီကတည်းက ပြည်သူ့ရေးရာကြွေးမြီမြင့်တက်မှုဟာ စိုးရိမ်စရာပမာဏ အဆင့်တစ်ခုသို့ ရောက်ရှိနေပြီးသားပါ၊” ဟု ကမ္ဘာ့ဘဏ်အုပ်စု နှင့် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့(IMF) ၏ နှစ်ပတ်လည်အစည်းအဝေးအတွင်း နိုင်ငံပေါင်းစုံပါဝင်သော ခေါင်းဆောင်များ၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

G20 အဖွဲ့၏ ကြေညာချက်တစ်ခုတွင် ယခုနှစ် ဧပြီလ၌ ဆောင်ရွက်ခဲ့သော ကြွေးမြီဆိုင်းငံ့ခြင်းအစီအစဉ် (DSSI) သည် ကမ္ဘာ့အဆင်းရဲဆုံး ၇၃ နိုင်ငံအား ကပ်ရောဂါသက်ရောက်မှုမှ စီမံခန့်ခွဲနိုင်ရန် အကူအညီအထောက်အပံ့ဖြစ်စေခဲ့ကြောင်း နှင့် ယင်းတရားဝင် နှစ်နိုင်ငံချင်းဆိုင်ရာ ဆိုင်းငံ့ကြွေးမြီများကို ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ရွှေ့ဆိုင်းပေးသွားမည်ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်က မှတ်ချက်ပြုခဲ့သည်။

ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဌ David Malpass က ကြွေးမြီဆိုင်းငံ့ခြင်းအစီအစဉ် (DSSI) ၏ အချိန်ကာလကို ၂၀၂၁ နှစ်ကုန်ပိုင်းအထိ တိုးမြှင့်ပေးရန် G20 အဖွဲ့ဝင်နိုင်ငံများအား အစောပိုင်းကတည်းက တိုက်တွန်းခဲ့သလို ဖြစ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားပေးရန်လည်း တောင်းဆိုခဲ့သည်။

နိုင်ငံတကာကြွေးမြီစာရင်းအင်း (IDS) ၏နောက်ဆုံးထုတ်ပြန်ကြေညာချက်တွင် G20 အဖွဲ့ဝင်နိုင်ငံများက အဆင်းရဲဆုံးနိုင်ငံများအပေါ် စုစုပေါင်း ပြင်ပကြွေးမြီလျှော့ပေါ့ခြင်းအစီအစဉ်သည် ပြီးခဲ့သောနှစ်တွင် စံချိန်တင်ပမာဏထိ ရောက်ရှိခဲ့ကြောင်း ၊ “ ကပ်ရောဂါကြောင့် ကြွေးမြီအကျပ်အတည်းမြင့်တက်လာမှုဟာ မြီရှင် နဲ့ မြီစား နိုင်ငံတွေအကြားမှာ ချက်ချင်းဖြေရှင်းဆောင်ရွက်ဖို့ မဖြစ်မနေလိုအပ်နေတာကို မီးမောင်းထိုးပြနေခြင်းပါပဲ” ဟု ဖော်ပြထားသည်။
ယင်းနိုင်ငံများ၏ ကြွေးမြီပမာဏသည် ၂၀၁၉ ခုနှစ်တွင် အခြားသော ဝင်ငွေ အနိုမ့်ဆုံး နှင့် အလယ်အလတ် ရှိသော နိုင်ငံများ၏ ကြွေးမြီနှုန်းထက် နှစ်ဆနီးပါးမြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ အဲဒါက သိပ်ကို အရေးကြီးပါတယ်၊ အဆင်းရဲဆုံးနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ ကြွေးရှင်နိုင်ငံတွေဆီကို အတိုးနှုန်းအသက်သာဆုံးဖြစ်အောင် လုပ်ပေးဖို့ အသနားခံတောင်းဆိုကြရမှာပါ” ဟု Malpass က ၎င်း၏ တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် အောက်တိုဘာ ၁၂ ရက်တွင်ရေးသားဖော်ပြခဲ့သည်။
G20 စီးပွားရေးအင်အားစုနိုင်ငံများအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီးများ နှင့် ဗဟိုဘဏ်ဥက္ကဌများသည် အောက်တိုဘာ ၁၄ ရက်တွင် ဗီဒီယိုရုပ်သံမှတစ်ဆင့် အစည်းအဝေးပြုလုပ်သွားရန်ရှိနေပြီး ယင်းအစည်းအဝေးတွင် ကြွေးမြီလျှော့ပေါ့ရေး အစီအစဉ်ဆက်လက်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်သွားနိုင်ဖွယ်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.