Connect with us

Latin America

အာဂျင်တီးနားဂန္တဝင်ဘောလုံးသမား မာရာဒိုနာ နှလုံးရောဂါဖြင့် ကွယ်လွန်

၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အနောက်ဂျာမနီအား ၃ဂိုး-၂ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အာဂျင်တီးနားအသင်းခေါင်းဆောင် မာရာဒိုနာ ဆုဖလားဖြင့် အောင်ပွဲခံနေစဉ်(ဓာတ်ပုံ- File Photo)

ဗျူနိုအေရစ် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ကွယ်လွန်သွားသော အာဂျင်တီးနားဂန္တဝင်ဘောလုံးသမား ဒီယေဂိုမာရာဒိုနာ၏ ခန္ဓာကိုယ်ပေါ်တွင်မည်သည့် ဒဏ်ရာလက္ခဏာမျှမတွေ့ရကြောင်း နှင့် ၎င်းသည် သဘာဝအတိုင်း လူကြီးရောဂါများဖြင့်ကွယ်လွန်သွားခြင်းသာဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံ San Isidro မြို့မှ ရှေ့နေချုပ် John Broyad က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

မာရာဒိုနာသည် ဗျူနိုအေးရစ်မြို့တော် မြောက်ဘက်အစွန်ပိုင်း San Andres ရှိ၎င်း၏ နေအိမ်၌ နိုဝင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် ၁၂:၀၀ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၅၀၀ နာရီတွင်) ကွယ်လွန်သွားခြင်းဖြစ်ကြောင်း Broyad က ဆိုသည်။

Broyad က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အာဂျင်တီးနားလက်ရွေးစင်ဘောလုံးသမားဟောင်း၏ ခန္ဓာကိုယ်အား မှုခင်း ရဲတပ်ဖွဲ့က ဒေသစံတော်ချိန် ၁၆:၀၀ နာရီတွင် ခွဲစိတ်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

“ မည်သည့် ရာဇဝတ်ကြောင်းနဲ့ဆက်နွယ်တဲ့ သက်သေခံချက် လက္ခဏာတစ်စုံတစ်ရာမျှမရှိပါဘူး ၊ ဘာဒဏ်ရာဒဏ်ချက်မှလည်း မတွေ့ရပါဘူး ” ဟုရှေ့နေချုပ်က ဆိုသည်။

မာရာဒိုနာသေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိဆုံးဖြတ်နိုင်ရန်အတွက် ၎င်း၏ ရုပ်အလောင်းကို San Fernando ဆေးရုံသို့ ပို့ဆောင်၍ ခွဲစိတ်စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

အသက် ၆၀ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်ဘောလုံးသမားဟောင်း နှင့် Gimnasia y Esgrima La Plata ကလပ်အသင်းနည်းပြဖြစ်သူ မာရာဒိုနာသည် နိုဝင်ဘာလအစောပိုင်းတွင် လေဖြတ်ဝေဒနာကြောင့် ဦးနှောဏ်ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက် ယခုကဲ့သို့ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

၎င်းသည် ၁၉၈၆ ခုနှစ်တွင်ကျင်းပခဲ့သည့် မက္ကဆီကိုကမ္ဘာ့ဖလားဗိုလ်လုပွဲ၌ အနောက်ဂျာမနီအသင်းအား ၃ဂိုး-၂ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သော အာဂျင်တီးနားအသင်းတွင် အသင်းခေါင်းဆောင်အဖြစ် အထူးခြေစွမ်းပြ ပါဝင်ကစားခဲ့သူတစ်ဦးဖြစ်သည်။ထို့ပြင် သူသည် ဘရာဇီးဘောလုံး ဘုရင် ပီလီ နှင့် အတူ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ၏ ၂၀ ရာစု အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံထားရသူတစ်ဦးဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.