Connect with us

Latin America

“လူသားဆန်သော သူရဲကောင်းများ”အတွက် ပီလီ ၊ မာရာဒိုနာ အပါအဝင် ကမ္ဘာကျော်ဘောလုံးသမားများ ဂုဏ်ပြု

ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းအားတွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ပီလီ ၊ မာရာဒိုနာ နှင့် ရော်နယ်ဒို တို့အပါအဝင် ကမ္ဘာကျော်ဘောလုံးသမား ၅၀ ခန့်သည် ဧပြီ ၁၈ ရက်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) မှ ဦးဆောင်ပြုလုပ်သည့်  ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ပေးနေကြသည့် ကမ္ဘာ့နိုင်ငံအသီးသီးမှ “လူသားဆန်သော သူရဲကောင်းများ” အတွက် ဗီဒီယိုရုပ်သံ ဂုဏ်ပြုလှုပ်ရှားမှု အစီအစဉ်တစ်ခု၌ ပါဝင်ခဲ့ကြကြောင်း သိရသည်။

အချိန် တစ်မိနစ်ခွဲကျော် ကြာမြင့်သည့် အဆိုပါ ဗီဒီယိုရုပ်သံထဲတွင် ယခင် နှင့် ယခုလက်ရှိ ကမ္ဘာ့အထင်ကရ ဘောလုံးသမားများက ၎င်းတို့၏ နေအိမ်အသီးသီးမှနေ၍  “လူသားဆန်သော သူရဲကောင်းများ” အတွက် ဂုဏ်ပြုချီးကျူးစကားများ အသီးသီးပြောကြားပေးခဲ့သည်။ 

“လူသားဆန်တဲ့ စိတ်ဓာတ်တစ်ခုကို အခြေတည်ပြီး ကမ္ဘာတစ်လွှားက ကျန်းမာရေးဝန်ထမ်းတွေ ၊ စေတနာ့ဝန်ထမ်းတွေ ဟာ သူတို့ရဲ့ အသက်ကို ပဓာနမထားဘဲ နေ့စဉ် တိုက်ပွဲဝင်နေကြပါတယ်” ဟု ဖီဖာ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

“ တစ်ချို့တွေက ဝမ်းနည်းစွာနဲ့ပဲ အဆုံးစွန်ထိပေးဆပ်သွားကြတယ်။ တရားဉပဒေစိုးမိုးရေးမှာ လုပ်ကိုင်နေကြသူတွေ ၊ ဆေးဆိုင်တွေ ၊ ဈေးဆိုင်တွေ ၊ သိုလှောင်ရုံတွေ ၊ ပစ္စည်းပို့ဆောင်ရေးတွေ ၊ ပြည်သူ့သယ်ယူပို့ဆောင်ရေးတွေ ၊ လုံခြုံရေးသမားတွေ သူတို့အားလုံးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို ကာကွယ်စောင့်ရှောက်ပေးဖို့ သိပ်ကိုအရေးပါတဲ့ အခန်းကဏ္ဌက ပါဝင်နေကြသူတွေပါ ။ အဲဒီသူရဲကောင်းအားလုံးအတွက် ဘောလုံးအားကစားက ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ် ၊ ဘောလုံးအားကစားက ခင်ဗျားတို့ကို အမှတ်ရနေမှာပါ၊ ဘောလုံးအားကစားက ခင်ဗျားတို့ကို ထောက်ခံပါတယ်” ဟု အဆိုပါ ဗီဒီယိုရုပ်သံတွင် ဂုဏ်ပြုခဲ့ကြသည်။

၎င်းဗီဒီယိုရုပ်သံ ဂုဏ်ပြုအစီအစဉ်ထဲတွင် ဒေးဗစ်ဘက်ခမ်း ၊ ဘက်ဖွန် ၊ ကာဖူး ၊ ကန်နာဗားရိုး ၊ ကက်စီးလက်စ် ၊ ဇီဒန်း ၊ ကာလီလွိုင် နှင့် မာတာ တို့အပြင် အခြားထင်ရှားသော ဘောလုံးသမားများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

“ ဘောလုံးသမားတွေအနေနဲ့ ကျွန်တော်တို့ဟာ ပုရိသပ်တွေရဲ့ လက်ခုပ်သံတွေ ရခဲ့ကြတယ် ။ ဒါပေမယ့် ဒီအချိန်မှာတော့ ကျွန်တော်တို့ရဲ့ အသက်တွေကို ကာကွယ်ပေးဖို့ အန္တရာယ်ကြားမှာ လုပ်ကိုင်ဆောင်ရွက်ပေးနေကြသူတွေကို ပြန်လည် ဂုဏ်ပြုလက်ခုပ်တီးပေးဖို့ ကျွန်တော်တို့ အခွင့်အရေး ရခဲ့ကြပါပြီ ”ဟု အင်္ဂလန်ဘောလုံးအကျော်အမော်ဒေးဗစ်ဘက်ခမ်းက ဆိုသည်။

“ ခင်ဗျားတို့ဟာ တကယ့် လူသားဆန်တဲ့ သူရဲကောင်းတွေပါ ၊ ကျွန်တော်တို့ကို အကာအကွယ်ပေးဖို့ အတွက် ခင်ဗျားတို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အရာရာတိုင်းကို ကျွန်တော်တို့ဘောလုံးသမားအားလုံးက ထောက်ခံအားပေးကြောင်း ပြောချင်ပါတယ် ” ဟု ဘက်ခမ်းက ဆိုသည်။(Xinhua)