Connect with us

Latin America

အပူပိုင်းမုန်တိုင်း Eta ကြောင့်သေဆုံးသူ ၁၅၀ ဦးထိရှိလာကြောင်း ဂွာတီမာလာသမ္မတပြော

လက်တင်အမေရိကားဒေသ ဂွာတီမာလာနိုင်ငံတွင် အပူပိုင်းမုန်တိုင်း Eta ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေသည်ကို နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂွာတီမာလာ ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

ဂွာတီမာလာနိုင်ငံသမ္မတ အလီဂျန်ထရိုဂီယာမက်တိုင်(Alejandro Giammattei) က အပူပိုင်းမုန်တိုင်း Eta ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုအတွင်း သေဆုံးသူပေါင်း ၁၅၀ ဦးထိရောက်ရှိသွားပြီဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတအလီဂျန်ထရိုက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာ၌ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ရေကြီးမြေပြိုမှုကြောင့် လူနေအိမ်ပေါင်း ၁၅၀ ခန့်ပျက်စီးသွားသည့် Alta Verapaz ဒေသရှိ Queja ကျေးရွာသို့ ဝင်ရောက်သွားသည်ကို ဂွာတီမာလာစစ်တပ်က သတင်းပေးပို့ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 လက်တင်အမေရိကားဒေသ ဂွာတီမာလာနိုင်ငံတွင်  အပူပိုင်းမုန်တိုင်း Eta ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေသည်ကို နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

“ အတည်မပြုနိုင်တဲ့ အချက်အလက်တွေအရ သေဆုံးသူ နဲ့ ပျောက်ဆုံးသူ အရေအတွက်စုစုပေါင်းဟာ ၁၅၀ လောက်ရှိမယ်၊ ဒါကတရားဝင်တော့မဟုတ်သေးပါဘူး ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အဲဒါကို အပြည့်အဝအတည်မပြုနိုင်သေးလို့ပါပဲ ” ဟု သမ္မတက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ရေကြီးရေလျှံမှု နှင့် မြေပြိုမှုများသည် လူပေါင်း ၇၅,၀၀၀ ကျော်အပေါ် တိုက်ရိုက် သက်ရောက်မှုရှိခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုသို့ရေကြီးရေလျှံမှုများဖြစ်ပွားနေသော်လည်း အချို့လူအုပ်စုများစွာသည် ၎င်းတို့၏နေအိမ်များအား စွန့်ခွာ၍ ဘေးလွတ်ရာသို့သွားရောက်ရန် ငြင်းဆန်နေကြကြောင်း သမ္မတ ကဆိုသည်။ ဂွာတီမာလာနိုင်ငံ သဘာဝဘေးအန္တရာယ်လျှော့ချ‌ရေး အမျိုးသား ညှိနှိုင်းကွပ်ကဲမှုအဖွဲ့က လက်ရှိအချိန်ထိ သေဆုံးသူ ၈ ဦးကိုသာ အတည်ပြုပေးနိုင်သေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)