Connect with us

Latin America

အာဂျင်တီးနားနိုင်ငံက ယခုနှစ်ကုန်မတိုင်မီ လူဦးရေ ၃၀၀,၀၀၀ အား COVID-19 ကာကွယ်ဆေးထိုးနှံမည်

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့ရှိ လမ်းမတစ်နေရာတွင် နှာခေါင်းစည်းတပ်ဆင်ကာ သွားလာနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အာဂျင်တီးနားနိုင်ငံသည် ယခုနှစ်ကုန်မတိုင်မီ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ တိုက်ဖျက်ရေးအတွက် လူဦးရေ ၃၀၀,၀၀၀ အား ကာကွယ်ဆေးထိုးနှံရန် စီစဉ်ထားကြောင်း သမ္မတ Alberto Fernandez က ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံက ထုတ်လုပ်ထားသော Sputnik V ကာကွယ်ဆေးများ လက်ခံရရှိရန် “ရုရှားနိုင်ငံနဲ့ သဘောတူစာချုပ်ကို ဒီတစ်ပတ်မှာ လက်မှတ်ရေးထိုးထားပါတယ်” ဟု သမ္မတ Fernandez ၏ ပြောကြားချက်အား ကိုးကား၍ Telam နိုင်ငံပိုင်သတင်းအေဂျင်စီက ဖော်ပြထားသည်။

“နွေရာသီမှာ lockdown ဆောင်ရွက်မှုတွေကို ဖြေလျှော့တာတွေနဲ့ အားလုံးဖွင့်လှစ်ခဲ့တာတွေ လုပ်ဆောင်ခဲ့ပြီး ဆောင်းဦးရောက်လာတဲ့အခါ ရောဂါကူးစက်မှု ဒုတိယလှိုင်းဖြစ်လာတဲ့ ဥရောပမှာ ကြုံတွေ့နေရတာကို ကျွန်တော်တို့ အမြဲလေ့လာနေပါတယ်” ဟု Fernandez က ပြောခဲ့သည်။

“ကျွန်တော်ထင်တာတော့ ဒုတိယလှိုင်းဟာ ဆောင်းဦးရာသီမှာ လက်တင်အမေရိကဘက် ရောက်ရှိလာနိုင်ခြေများတယ်” ဟု ၎င်းက သတိပေးခဲ့သည်။

ဆောင်းဦးရာသီသည် တောင်ကမ္ဘာလုံးခြမ်းတွင် မတ်လ၌ စတင်လေ့ရှိသည်။
အာဂျင်တီးနားနိုင်ငံသည် မတ်လ ၃ ရက်တွင် COVID-19 ကူးစက်မှုကို ပထမဆုံးတွေ့ရှိခဲ့ပြီး ဒီဇင်ဘာ ၂ ရက်အထိ စုစုပေါင်း အတည်ပြုလူနာ ၁,၄၄၀,၁၀၃ ဦးနှင့် သေဆုံးသူ ၃၉,၁၅၆ ဦးရှိခဲ့ကြောင်း သိရသည်။ (Xinhua)

#Argentina, #COVID_19, #Russia, #Vaccine, #Xinhua, #အာဂျင်တီးနား, #ရုရှား, #ကာကွယ်ဆေး, #ဆင်ဟွာ