Connect with us

North America

ထရမ့်က ဘိုင်ဒန်နှင့် လာမည့်စကားစစ်ထိုးပွဲတွင် ပါဝင်ရန် စီစဉ်ထားဆဲဖြစ်ကြောင်း စည်းရုံးရေးပြောခွင့်ရပုဂ္ဂိုလ်ပြော

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) နှင့် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်တို့ကို စက်တင်ဘာ ၂၉ ရက် က ၂၀၂၀ သမ္မတလောင်း ပထမအကြိမ် စကားစစ်ထိုးပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် မီယာမီပြည်နယ်တွင် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန် (Joe Biden) နှင့် ပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် သမ္မတလောင်း စကားစစ်ထိုးပွဲတွင် ပါဝင်ရန် စီစဉ်ထားဆဲဖြစ်ကြောင်း ထရမ့်၏ မဲဆွယ်စည်းရုံးရေးပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ထရမ့်က မေရီလန်းပြည်နယ် Bethesda ရှိ Walter Reed အမျိုးသားစစ်ဆေးရုံတွင် COVID-19 ကူးစက်မှုကို သုံးရက်ကြာ ကုသမှုခံယူခဲ့ကြောင်း တွစ်တာတွင် ရေးသားခဲ့ပြီးနောက် ထရမ့်၏ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဆက်သွယ်ရေးမှူး Tim Murtaugh က“စကားစစ်ထိုးပွဲဆက်လုပ်ဖို့က သမ္မတရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု ဒေသတွင်းမီဒီယာသို့ ပြောခဲ့သည်။
သမ္မတ ထရမ့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အချိန်နှင့်အမျှ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိခဲ့ကြောင်း နှင့် ၎င်း၏သမားတော်၊ ဆရာဝန်နှင့် သူနာပြုများအဖွဲ့တို့၏ ဂရုတစိုက်စောင့်ကြည့်မှုကို ခံယူလျက်ရှိကြောင်း သိရသည်။

အမေရိကန် ဒုတိယသမ္မတဟောင်းဖြစ်သူ ဘိုင်ဒန်က ထရမ့်နှင့် နောက်ထပ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုသည် ၎င်းအတွက် ဘေးကင်းမှုရှိမရှိကို ကျွမ်းကျင်ပညာရှင်များ၏ ပြောကြားချက်ကို နားထောင်သွားမည် ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ “ကျွန်တော်လုပ်ဖို့သင့်တော်မယ့်အရာကို ကျွမ်းကျင်သူတွေပြောတဲ့အတိုင်း ကျွန်တော်လုပ်မှာပါ” ဟု ဘိုင်ဒန်က ဖလော်ရီဒါပြည်နယ်သို့ စည်းရုံးရေးသွားရောက်မည့် လေယာဉ်ဖြင့်မထွက်ခွာမီ ပြောခဲ့သည်။ “သိပ္ပံပညာရပ်ကို နာခံရမယ်။ အကယ်၍ သိပ္ပံပညာရှင်တွေက ဒါဟာဘေးကင်းတယ်လို့ ပြောခဲ့ရင် ဒါကကောင်းတယ်လို့ ကျွန်တော်ထင်တယ်”ဟု ဘိုင်ဒန်က ဆိုသည်။

၎င်းတို့နှစ်ဦးသည် အိုဟိုင်းအိုးပြည်နယ် Cleveland မြို့တွင် ၂၀၂၀ ပြည့်နှစ် ပထမဆုံး သမ္မတလောင်းစကားစစ်ထိုးပွဲအဖြစ် စက်တင်ဘာ ၂၉ ရက်က တွေ့ဆုံခဲ့သည်။ ၎င်းတို့နှစ်ဦး၏ နောက်တစ်ကြိမ် ရင်ဆိုင်တွေ့ဆုံမှုကို မီယာမီပြည်နယ် Adrienne Arsht Center တွင် အောက်တိုဘာ ၁၅ ရက်၌ ပြုလုပ်ရန် လျာထားပြီး တတိယအကြိမ်မြောက် တွေ့ဆုံမှုကို အောက်တိုဘာ ၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒုတိယ သမ္မတ မိုက်ပန့်စ်နှင့် ဘိုင်ဒန်၏ တွဲဖက် ဒုတိယသမ္မတလောင်းဖြစ်သူ ကယ်လီဖိုးနီးယားပြည်နယ်မှ အထက်လွှတ်တော်အမတ် ကမ်မလာ ဟာရစ် (Kamala Harris) တို့သည်လည်း ဒုတိယ သမ္မတလောင်းများ စကားစစ်ထိုးပွဲကို Utah ပြည်နယ် ဆော့လိတ်စီးတီးမြို့ရှိ Utah တက္ကသိုလ်တွင် အောက်တိုဘာ ၇ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)