Connect with us

North America

ကယ်လီဖိုးနီးယားပြည်နယ်တွင် သြဂုတ်လကအကြီးဆုံးတောမီးကြောင့် ဧကတစ်သန်းကျော် လောင်ကျွမ်း

အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်နယ်မြေ Arcadia မြို့တွင် တောမီးလောင်ကျွမ်းနေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ် မန်ဒိုစီနို၊ လိတ်ခ်နှင့် ထရီနီတီနယ်မြေများတွင် အကြီးကျယ်ဆုံးလောင်ကျွမ်းခဲ့သည့် တောမီးကြောင့် မြေဧရိယာ ၁,၀၀၂,၀၉၇ ဧက (၄,၀၅၅ စတုရန်းကီလိုမီတာ) လောင်ကျွမ်းခဲ့ကြောင်းကယ်လီဖိုးနီးယားသစ်တောနှင့် မီးဘေးကာကွယ်ရေးဌာန (Cal Fire) က အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က ယခုနှစ်တွင် ကယ်လီဖိုးနီးယား၌ မြေဧရိယာဧက ၄ သန်းကျော် တောမီးလောင်ကျွမ်းခဲ့မှုသည် ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်အပေါ် နောက်ဆုံးအချိန်ကိုပြသနေကြောင်းအောက်တိုဘာ ၆ ရက်ကပြောကြားခဲ့သည်။

“ဒါဟာရာသီဥတုပြောင်းလဲခြင်းသက်သေတစ်ခုမဟုတ်ဘူးဆိုရင် ဘာလဲဆိုတာတော့ ကျွန်တော်မသိဘူး”ဟု San Francisco Chronicle သတင်းစာက ၎င်း၏ပြောကြားချက်အားကိုးကား၍ သတင်းဖော်ပြခဲ့သည်။

Glass Fire တောမီးလောင်မှုသည် လက်ရှိတွင် အဆိုပါပြည်နယ် ထိပ်တန်းဦးစားပေးလုပ်ဆောင်ရန်အစီအစဉ်များအနက် တစ်ခုဖြစ်ကြောင်းသတင်းကဆိုသည်။ Glass Fire တောမီးကြောင့် အောက်တိုဘာ ၄ ရက်အထိပျက်စီးဆုံးရှုံးခဲ့ရသည့် မိသားစုလုံးချင်းအိမ် အရေအတွက်မှာနှစ်ဆတိုးမြင့်လာခဲ့ကြောင်း၊ အောက်တိုဘာ ၄ ရက် ညနေပိုင်းကဧက ၆၄,၉၀၀(၂၆၃ စတုရန်းကီလိုမီတာ) မီးလောင်ကျွမ်းမှုကြောင့် Sonoma နယ်မြေတွင် နေအိမ် ၂၃၅ လုံးကိုဖျက်ဆီးခံခဲ့ရပြီး ၇၃ လုံးပျက်စီးခဲ့ကြောင်း၊ Napa နယ်မြေတွင်မူနေအိမ် ၂၅၂ လုံးဖျက်ဆီးခံခဲ့ရပြီး ၆၄ လုံးမှာထိခိုက်ပျက်စီးခဲ့ကြောင်း Cal Fire ၏ နောက်ဆုံးထုတ်ပြန်ချက်အရသိရသည်။

တောမီးလောင်ကျွမ်းမှု ၃၂၂,၀၈၉ ဧက (၁၃၀၃ စတုရန်းမီတာ) ရှိသော Creek Fire တွင် ၄၈ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း Cal Fire က ဆိုသည်။ အဆိုပါ တောမီးကြောင့် Sierra အမျိုးသားသစ်တောကိုနိုဝင်ဘာ ၁ ရက်အထိလုံးဝပိတ်ထားကြောင်းသိရသည်။ Shasta နယ်မြေတွင် လောင်ကျွမ်းခဲ့သည့် Zogg Fire သည် အကျယ်အဝန်းအားဖြင့် ၅၆,၃၀၅ ဧက (၂၂၈ စတုရန်းကီလိုမီတာ) ရှိပြီး ၇၆ ရာခိုင်နှုန်းကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း Cal Fire က အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)