Connect with us

North America

အမေရိကန်နိုင်ငံရှိ နေ့ကလေးထိန်းစင်တာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေး ၅ ဦးသေဆုံး

အမေရိကန်နိုင်ငံ ပန်ဆဲလ်ဗေးနီးယားပြည်နယ်ရှိ မီးလောင်ခဲ့သော နေ့ကလေးထိန်းစင်တာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပန်ဆဲလ်ဗေးနီးယားပြည်နယ်ရှိ နေ့ကလေးထိန်းစင်တာတစ်ခုတွင် သြဂုတ်လ ၁၁ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ကလေးငယ် ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များ ပြောကြားချက်အရ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ နိုင်ငံမြောက်ပိုင်း၊ ပန်ဆဲလ်ဗေးနီးယားပြည်နယ်၊ အီရီမြို့ရှိ နေ့ကလေးထိန်းစင်တာတစ်ခု၌ သြဂုတ်လ ၁၁ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အီရီမြို့ မီးသတ်ဌာန အကြီးအကဲ ဂိုင် ဆန်တုံး (Guy Santone) ၏ အဆိုအရ ရုတ်တရက် မီးလောင်ခဲ့သော အဆိုပါ သုံးထပ် အဆောက်အအုံအတွင်း၌ လူများစွာ ပိတ်မိနေသည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောခဲ့ကြောင်း သိရသည်။

မီးလောင်မှုတွင် သေဆုံးသွားသူများမှာ အသက်အရွယ်အားဖြင့် ၈လ မှ ၇ နှစ်ကြားကလေးများဖြစ်ကြောင်း ဆန်တုံးက ပြောခဲ့သည်။

နေ့ကလေးထိန်းစင်တာ၏ ပိုင်ရှင်မှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဆေးကုသမှုခံယူရန် အနီးဝန်းကျင်ရှိ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ထိုနေ့ကလေးထိန်းစင်တာမှာ ၂၀၂၀ ခုနှစ် မတ်လအထိ တရားဝင်ဖွင့်လှစ်ရန် ဒေသခံအာဏာပိုင်များထံမှ ခွင့်ပြုမိန့် ရရှိထားခြင်းဖြစ်ကြောင်း Erie Times-News က သတင်းဖော်ပြထားသည်။

အီရီမြို့သည် လူဦးရေ ၁၀၀,၀၀၀ ခန့်ရှိပြီး အဆိုပါ ပြည်နယ်၌ စတုတ္ထအကြီးဆုံးမြို့ဖြစ်ကြောင်း သိရသည်။ (Xinhua)