Economy
အာဆီယံနိုင်ငံများတွင် ခရီးသွားလုပ်ငန်း အတိုးတက်ဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံ ဦးဆောင်

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)
အာဆီယံအဖွဲ့ဝင်နိုင်ငံ (၁ဝ) နိုင်ငံအနက် ဒေသတွင်း ခရီးသွားလုပ်ငန်း အတိုးတက်ဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံမှ ဦးဆောင်နေကြောင်း အာဆီယံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က သတင်း ထုတ်ပြန်ခဲ့သည်။
၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ၃ .ဝ၈ သန်း ဝင်ရောက်ခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် တိုးတက်မှု ၅၃ ရာခိုင်နှုန်း ရှိခဲ့ပြီး အာဆီယံနိုင်ငံများ၏ တိုးတက်မှု ရာခိုင်နှုန်း အဆင့် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။
အာဆီယံဒေသသို့ ၂ဝ၁၄ ခုနှစ်အတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည် ၁ဝ၂ သန်းကျော် လာရောက်ခဲ့ပြီး လာအိုနိုင်ငံမှ ၁ဝ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ ၈.၈ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား နိုင်ငံမှ ၇.၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံမှ ၇ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံမှ ၄ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံမှ ၃ .၃ ရာခိုင်နှုန်းသာ ခရီးသွားဝင်ရောက်မှု တိုးတက်ခဲ့သည်။
မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်း တိုးတက်မှုနှုန်း အများဆုံးနိုင်ငံ ဖြစ်သော်လည်း နိုင်ငံခြားခရီးသွားဧည့်သည် အရေအတွက်တွင် အဆင့်ကိုး နေရာ၌သာ ရပ်တည်နေသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ နှစ်စဉ် တိုးတက်လာပြီး ၂ဝ၁၁ ခုနှစ်တွင် ရှစ်သိန်းကျော်၊ ၂ဝ၁၂ ခုနှစ်တွင် ၁.ဝ၆ သန်းကျော်၊၂ဝ၁၃ ခုနှစ်တွင် ၂.ဝ၄ သန်းမှ ၂၀၁၄ ခုနှစ်တွင် ၃.ဝ၈ သန်းအထိ ဝင်ရောက်ခဲ့ကာ ၂ဝ၁၅ ခုနှစ်တွင် ငါးသန်းခန့် ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)