Connect with us

Local

ရန်ကုန်စတော့ အိတ်ချိန်းတွင် ရင်းနှီးမြှုပ်နှံလိုသူများ စိတ်ဝင်စားမှု ပြန်လည် မြင့်တက်လာစေရန် ဆောင်ရွက် မည်

စတော့အိတ်ချိန်းတွင် တစ်နှစ်တာ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု အခြေပြ ဇယား(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၅ ရက်(ဆင်ဟွာ)

ရန်ကုန် စတော့ အိတ်ချိန်း(YSX)တွင် ရင်းနှီးမြှုပ်နှံလိုသူများ စိတ်ဝင်စားမှု ပြန်လည် မြင့်တက်လာစေရန် အရောင်း အဝယ် ပြုလုပ်သည့် အကြိမ်ရေ တိုးမြှင့်ခြင်းများ ၊ အသိ ပညာပေး အစီအစဉ်များ ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း YSX မှ သိရသည်။

ယခုအခါတွင် စတော့အိတ်ချိန်းတွင် အစုရှယ်ယာ အရောင်းအဝယ် ပြုလုပ်ခြင်းအား နံနက် ၁၁ နာရီ တွင် တစ်ကြိမ် ၊ နေ့လည် ၁ နာရီတွင် တစ်ကြိမ်ဖြင့် တနေ့လျှင် နှစ်ကြိမ် ဆောင်ရွက်နေရာမှ သြင်္ကန်ပြီး နောက်ပိုင်း ကာလများတွင် တစ်နေ့လျှင် လေးကြိမ်ထိ အရောင်းအဝယ် ပြုလုပ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“နှစ်ကြိမ်ပဲ လုပ်တဲ့ အခါတုန်းက အချိန်ကာလ အတိုင်းအတာ အတွင်းမှာ ရောင်းအား ၊ ဝယ်အားကို မြင်သာမှု သိပ်ရှိပြီးတော့ ဒီဟာလေး အပေါ်မှာ ထိန်းပြီးတော့မှ ရှယ်ယာဈေးတွေက ရောင်းကြ ဝယ်ကြတဲ့ အခါမှာ နည်းနည်း အားနည်းမှုတွေ ရှိလာတဲ့ အခါမှာ လူတွေက စိတ်ဝင်စားမှု လျော့နည်းလာတယ်။အခု ပြင်လိုက်တော့မယ် ဆိုရင် စိတ်ဝင်စားမှု နည်းနည်း ပိုလာမယ်။”ဟု ရန်ကုန် စတော့ အိတ်ချိန်း စာရင်းဝင် MTSH ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

ထို့အတူ စတော့ အိတ်ချိန်း နှင့် အသိပညာပေးခြင်းများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

“စိတ်ဝင်စားမှု လျော့နည်းတယ် ဆိုတာက စဝယ်တဲ့ အချိန်ထဲကကို သူတို့ရဲ့မျှော်မှန်းတာကို မရဘူး။ဈေးတွေ တက်မယ် ထင်ကြတယ်။တကယ်တမ်းကြတော့ စတော့က အဲလို မဟုတ်ဘူး။ရောင်းသူ ၊ ဝယ်သူ နှစ်ဦးစလုံး ဈေးနှုန်းတူတဲ့ ဟာကိုပဲ လုပ်တယ် ဆိုတဲ့ အတွက်ကြောင့် သူတို့ရဲ့စိတ်ဝင်စားမှု လျော့သွားတာပေါ့။ဒါပေမယ့် ငွေပိုငွေလျှံ ရှိတဲ့သူတွေကတော့ ဆက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှာပေါ့နော်။အဓိကတော့ စတော့အိတ်ချိန်းက ဘယ်လို ရောင်းဝယ်ရတယ်။စည်းကမ်းတွေ ဘယ်လို ရှိတယ် ဆိုတာ သူတို့ကို အသိပညာ ပေးဖို့က အရေးကြီးတယ်။အဲဒါ အတွက် စီစဉ် ဆောင်ရွက်နေတယ်။”ဟု ရန်ကုန် စတော့ အိတ်ချိန်း၏ မန်နေဂျင်း ဒါရိုက်တာ ဦးယဉ်ဇော်မျိုးက ပြောသည်။

ထို့ပြင် ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းတွင် စတော့ အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများကို ဝင်ငွေခွန် ကင်းလွတ် ၊ သက်သာခွင့် ပေးသွားရန် ဖော်ပြထားသဖြင့် ယင်းမှာ ရင်းနှီးမြှုပ်နှံသူများ အတွက် အကျိုး ပိုရှိစေလာမည် ဖြစ်ကြောင်း သိရသည်။

“ရင်းနှီးမြုပ်နှံသူတွေအတွက် ပိုပြီး အကျိုးရှိလာနိုင်မှာပါ။ရင်းနှီးမြုပ်နှံကြမယ့် စတော့အိတ်ချိန်းမှာ တင်ခွင့်ရတဲ့ ကုမ္ပဏီတွေက အခွန်ကင်းလွတ် သက်သာခွင့်တွေ ရကြတော့မယ်။အဲလိုရရင် ရှယ်ယာရှင်တွေအတွက် အကျိုးအမြတ် ပိုပြီး ရမယ် ဆိုတဲ့ သဘောပဲ။ဒါကြောင့် ရင်းနှီးမြုပ်နှံသူတွေမှာ အကျိုး ပိုရှိလာမယ်။”ဟု MTSH ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

ရန်ကုန် စတော့အိတ်ချိန်းအား ဖွင့်လှစ်ခဲ့သည်မှာ တစ်နှစ်တာ ကာလ ပြည့်မြောက်ခဲ့ပြီးနောက် တိုးတက် ဖွံ့ဖြိုးရန် အချိန်ယူရအုံးမည် ဖြစ်ကြောင်း ရန်ကုန် စတော့ အိတ်ချိန်း၏ မန်နေဂျင်း ဒါရိုက်တာ ဦးယဉ်ဇော်မျိုးက ပြောသည်။

“စတော့ အိတ်ချိန်းကလည်း တိုးတက် ဖွံ့ဖြိုးဖို့အချိန်ယူရအုန်းမယ်။သူများနိုင်ငံတွေနဲ့မီဖို့ပေါ့။သူများ နိုင်ငံ တွေနဲ့ယှဉ်လို့တစ်နှစ်သားမှာတော့ တော်တော်လေးကို အောင်မြင်တယ်လို့ပြောလိုပါတယ်။”ဟု ၎င်းက ပြောသည်။

ရန်ကုန် စတော့ အိတ်ချိန်းသည် ၂၀၁၆ ခုနှစ် မတ်လ အတွင်း စတင် အရောင်းအဝယ် ပြုလုပ်ခဲ့ပြီး ယခုအခါတွင် တစ်နှစ်တာ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။(Xinhua)