Connect with us

Local

ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက် ကျပ် ၆၂ ဘီလျံဖိုးခန့်ရောင်းရ

ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက် ရောင်းချပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

၂၀၁၇ မတ်လ ၁၉ ရက်မှ ၂၄ ရက်အထိပြုလုပ်ခဲ့သော “ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ” တွင် ကျောက်မျက် ကျပ် ၅ ဒသမ ၉၇၄ ဘီလျံကျော်နှင့် ကျောက်စိမ်း ကျပ် ၅၅ ဒသမ ၉၄၀ ဘီလျံကျော်၊ စုစုပေါင်း ကျပ် ၆၁ ဒသမ ၉၁၅ ဘီလျံကျော် ဖိုး ရောင်းချခဲ့ရသည်ဟု ကျောက်မျက်ရတနာ ပြပွဲ စီမံရေးရာ လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက မီဒီယာကို ပြောသည်။

“ဒီပွဲမှာ ရောင်းချတဲ့ စနစ်က ကနဦးမှာ ရတနာ ကုန်သည်တွေက ကျောက်တန်ဖိုးရဲ့ ငါးရာခိုင်နှုန်းကိုပဲ အာမခံငွေအဖြစ် သွင်းထားပြီး ဒီနေ့ကနေ ရက်ပေါင်း ၆၀ ကြာမှ ကျန်တာကို ငွေလာချေမှာ ဖြစ်ပါ တယ်၊ ဒါကြောင့် ရက်ပေါင်း ၆၀ ပြည့်ပြီးမှသာ အမှန် ငွေချေတဲ့ စာရင်းကို ရပါမယ်” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ် ဒေသများရှိ ပြည်တွင်း ကျောက်မျက် အချောထည်လုပ်ငန်းများအတွက် ကုန်ကြမ်း ရရှိစေရန် ရည်ရွယ် ရောင်းချသည့် ယခု အရောင်းပွဲသို့ ရတနာကုန်သည် ၁၈၆၅ ဦး လာရောက်ခဲ့ကြရာ ကျောက်မျက်အတွက် ၉၁ ဦးနှင့် ကျောက်စိမ်းအတွက် ၁၇၇၄ ဦး ဖြစ်ကြောင်း၊ ရောင်းချရန် တင်ပြထားသည့် ကျောက်မျက် ၁၉၅ တွဲမှ အတွဲ ၁၃၀ ကိုလည်းကောင်း၊ ကျောက်စိမ်း ၄၄၅၄ တွဲမှ ၄၂၆၇ တွဲကိုလည်းကောင်း ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။အလားတူ ပွဲမျိုးကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် တစ်ကြိမ် ကျင်းပခဲ့ရာ ကျောက်မျက် ကျပ် ၁ ဒသမ ၆၉ ဘီလျံ၊ ကျောက်စိမ်း ကျပ် ၆၈ ဒသမ ၄၉၅ ဘီလျံ၊ စုစုပေါင်း ကျပ် ၇၀ ဒသမ ၁၈၅ ဘီလျံ ရောင်းချခဲ့ရသည်ဟု ဦးသန်းဇော်ဦးက ပြောသည်။ (Xinhua)