Connect with us

Local

ငါးနှစ်အတွင်း FDI ဒေါ်လာသန်း ၅၀၀ ကျော်စီရှိသည့် လုပ်ငန်း ငါးခု၊ ပြန်လည်သုံးသပ်နေသော MOU ပေါင်း ၆၀ ခုရှိ ဟု ဆို

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

၂၀၁၁ မှ ၂၀၁၆ အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပြီးသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနက် အမေရိကန် ဒေါ်လာ သန်း၅၀၀ ကျော် ပမာဏရှိသော လုပ်ငန်းပေါင်း ငါးခုရှိခဲ့ပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရအဆက်ဆက်တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာပေါင်း ၁၀၁ ခုထဲမှ ပြန်လည်စိစစ်သုံးသပ်လျက်ရှိသော စာချွန်လွှာပေါင်း ၆၀ ခု ရှိသည် ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“အမေရိကန် ဒေါ်လာ သန်း၅၀၀ ကျော် ပမာဏရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တွေက ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာနှစ်အတွင်းမှာ တစ်ခုရှိပြီး ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာနှစ်မှာတော့ မရှိပါဘူး၊ ၂၀၁၃ – ၁၄ ဘဏ္ဍာနှစ်မှာ နှစ်ခု၊ ၂၀၁၄ – ၁၅ ဘဏ္ဍာနှစ်မှာ တစ်ခု၊ ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်မှာ တစ်ခု၊ စုစုပေါင်း ငါးခု ရှိပါတယ်၊ အမေရိကန်ဒေါ်လာ သန်း၅၀၀ ကျော် ပမာဏရှိ လုပ်ငန်းများသာမက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပြီးသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ ကုမ္ပဏီအမည်စာရင်း၊ ရင်းနှီးမြှုပ်နှံမှု လစဉ်ဝင်ရောက်မှု အခြေအနေတို့နှင့် ပတ်သက်တဲ့ ကဏ္ဍအလိုက်၊ နိုင်ငံအလိုက် အချက်အလက်တွေကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ website ဖြစ်တဲ့ www.dica.gov.mm မှာ အများပြည်သူ သိရှိနိုင်စေရန် တင်ပြပေးလျက်ရှိပါတယ်” ဟု လသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မို့မို့အောင်၏ မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက လွှတ်တော်သို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ဒေါ်လာ သန်း ငါးရာကျော် ပမာဏရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်ပြီး လသာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မို့မို့အောင်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းနေစဉ် (ဆင်ဟွာ)

၂၀၁၁ – ၁၂ ဘဏ္ဍာနှစ်တွင် ဝင်ရောက်ခဲ့သည့် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်ပမာဏရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Upstream Ayeyarwaddy Confluence Basin Hydropower Co., Ltd. (Chipwi) ဖြစ်ပြီး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း ဖြစ်ကြောင်း၊ ၂၀၁၃ – ၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၅၀၀ ကျော်ပမာဏရှိ လုပ်ငန်း နှစ်ခု ဝင်ရောက်ခဲ့ရာ မလေးရှားနိုင်ငံမှ Tan Chong Motor (Myanmar) Co., Ltd. ဖြစ်ပြီး မော်တော်ကား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနှင့် စင်ကာပူနိုင်ငံမှ Mobile and Fixed Line Telecommunications Services ဆောင်ရွက် သည့် Ooredoo Myanmar Limited တို့ ဖြစ်ကြောင်း၊ ၂၀၁၄ – ၁၅ ဘဏ္ဍာနှစ်တွင် စင်ကာပူနိုင်ငံမှ Telecommunications Services and Related Activities ဆောင်ရွက်သည့် KDDI Summit Global Myanmar Co., Ltd. ၏ လုပ်ငန်းဖြစ်ကြောင်း၊ ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်တွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ Longwin Global Petrochemical Co., Ltd. ၏ တစ်နှစ်လျှင် မက်ထရစ်တန် ငါးသန်းခန့် ထွက်ရှိမည့် ရေနံချက် စက်ရုံနှင့် ရေနံ တင်/ ချ ဆိပ်ကမ်း တည်ဆောက်၍ ရေနံထွက်ပစ္စည်းများ တင်ပို့ရောင်းချမည့် လုပ်ငန်း ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်း ဖြေကြားခဲ့သည်။

ပြန်လည် သုံးသပ်နေသည့် နားလည်မှု စာချွန်လွှာများနှင့် ပတ်သက်ပြီး ၎င်းက “ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ အတွင်း ဝန်ကြီးဌာန ငါးခုတို့က နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများနှင့် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ ၁၀၁ ခုရှိပါတယ်၊ ပြန်လည် သုံးသပ်နေတဲ့ နားလည်မှု စာချွန်လွှာတွေက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှာ လေးခု၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှာ ၅၆ ခု၊ စုစုပေါင်း ၆၀ ခု ရှိပါတယ်၊ ပြန်လည် သုံးသပ်နေတဲ့ ဖြစ်စဉ်နဲ့ အခြေအနေ အရပ်ရပ်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက website မှာ ဖော်ပြထားပါတယ်၊ ကျန် ဝန်ကြီးဌာနများအနေနဲ့တော့ စိစစ် သုံးသပ်ဆဲဖြစ်ပါတယ်” ဟုလည်း ရှင်းလင်း တင်ပြခဲ့သည်။

၂၀၁၁ မှ ၂၀၁၆ ခုနှစ် အထိ ငါးနှစ်အတွင်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများနှင့် လက်မှတ်ရေးထိုးခဲ့ သည့် နားလည်မှု စာချွန်လွှာများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတွင် ၁၅ ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် ၁၀ ခု၊ စက်မှုဝန်ကြီးဌာနတွင် ငါးခု၊ ဆောက်လုပ် ရေး ဝန်ကြီးဌာနတွင် ၁၀ ခု၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ၆၁ ခု၊ စုစုပေါင်း ၁၀၁ ခုတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.