Connect with us

Politics, Law & Military

ကျန်းမာခြင်းနှင့်အတူ ချမ်းမြေ့သာယာသည့် အနာဂတ် ဘဝအလှ ဆီသို့ 

တရုတ်နိုင်ငံ ပေကျင်းမြို့သို့ နှလုံးခွဲစိတ်ကုသမှုခံယူရန် ရောက်ရှိလာသော ကလေးငယ်များနှင့် မိသားစုဝင်များအား ၂၀၁၇ ခုနှစ် ဧပြီလက တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) 

 “ပေကျင်းမှာ ဘုရားကျောင်းရှိလား။တကယ်လို့ တစ်ခုခုများ ဖြစ်ခဲ့ရင် ကျွန်တော် ကျွန်တော့်သမီးလေးရဲ့ နောက်ဆုံးခရီးကို  ကျွန်တော်တို့ ထုံးတမ်းအစဉ်အလာနဲ့အညီ လုပ်ပေးချင်တယ်။”ဟု ခွဲစိတ်သဘောတူလက်မှတ်ထိုးပြီးပြီးချင်း နှလုံးရောဂါဝေဒနာရှင် ကလေးငယ်၏ဖခင် ဦးမြသိန်းက အနီးတွင်ရှိသော ဘာသာပြန်စေတနာ့ဝန်ထမ်းအား လှမ်းပြောသည်။ 

၂၀၁၇ ခုနှစ် ဧပြီ ၁၇ ရက်က ဦးမြသိန်းသည် ၁၁ နှစ်အရွယ် နှလုံးရောဂါ ဝေဒနာရှင် သမီးငယ်ဝတ်ရည်ထွန်းကို အဖော်ပြုပြီး  မွေးရာပါနှလုံးရောဂါ ခွဲစိတ်ကုသမှု ခံယူရန် ရန်ကုန်မှ ပေကျင်းမြို့သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ 

တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်၏ မွေးရာ နှလုံးရောဂါ ဝေဒနာရှင် ကလေးငယ်များအား ကူညီကုသပေးသည့် ကျန်းမာရေး ကုသိုလ်ဒါနအစီအစဉ်ဖြင့် သွားရောက်ခြင်း ဖြစ်ပြီး ယင်းအစီအစဉ်တွင် သမီးငယ် ဝတ်ရည်ထွန်းနှင့်အတူ မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၆ ခုရှိ ဒေသ ၉ ခုမှ ဆေးကုသရန် အခက်အခဲနွမ်းပါးသည့် ကလေးငယ် ၁၂ ဦးပါရှိရာ သူ၏ ရောဂါအခြေအနေမှာ အဆိုးဆုံးဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ ပေကျင်းမြို့ အန်းကျန်းနှလုံးအထူးကုဆေးရုံကြီးတွင် ကလေးငယ်များအား တွေ့ရစဉ် (ဓါတ်ပုံ- စေတနာ့ဝန်ထမ်း)

“ကလေးမလေးရဲ့ နှလုံးအခန်းတွေက ပျက်စီးနေပြီ။ နှုတ်ခမ်းတွေက ပြာနှမ်းပြီး လှေခါးပေါ်တောင် မတက်နိုင်ဘူး။ဆေးရုံမှာ ဆေးစစ်တုန်းက အဖေလုပ်တဲ့သူက ကလေးမလေးကို ချီထားရင်ချီထား ၊ မချီထားရင် ဘီးတပ်ကုလားထိုင်နဲ့သွားရတယ်။”ဟု စေတနာဝန်ထမ်းတစ်ဦး အဖြစ် ကူညီပေးခဲ့ဖူးသည့် ကိုထိုက်လွင်ကိုက ဆိုသည်။ 

သမီးငယ် ဝတ်ရည်ထွန်းကို နေ့လည် ၁၂ နာရီခွဲလောက်က ခွဲစိတ်ခန်းထဲကို ပို့လိုက်ပြီး နာရီဝက်လောက်အကြာမှာ ဆရာဝန်က ရောဂါအခြေအနေက ၃၀ ရာခိုင်နှုန်းလောက်ပဲ သေချာနိုင်ကြောင်း မိသားစုနှင့် တိုင်ပင်ဆွေးနွေးကြည့်ရန် အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ အန်းကျန်းနှလုံးအထူးကုဆေးရုံကြီးတွင် ကလေးငယ်များအား တွေ့ရစဉ် (ဓါတ်ပုံ- စေတနာ့ဝန်ထမ်း)

“တခြားကလေးတွေ ခွဲစိတ်တုန်းက ဆရာဝန်ကြီးက အထူးတလည် ဘာမှမပြောခဲ့ဘူး။ ကျွန်တော့် သဘောထားကို ဆရာဝန်ကြီးက နောက်ထပ်တစ်ကြိမ်မေးတယ်။ ကျွန်တော်ယောက်ျားသားတစ်ယောက်ပါ၊ဒါပေမဲ့ ပူပန်စိတ်နဲ့ နံရံထောင့်နားမှာထိုင်ပြီး ငိုကြွေးမိတယ်”ဟု ဦးမြသိန်းက ဆိုသည်။ 

“ဒါက ကျွန်တော်တို့ ကျန်းမာရေးကုသိုလ်ဒါန မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ်များ ကူညီကုသပေးရေးအစီအစဉ်ရဲ့ ပထမအသုတ်ပါ။ အားလုံးနီးပါးက အခြားနိုင်ငံက ဆေးကုသရေးအဖွဲ့တွေ လာရောက်ကုသပေးတဲ့အခါမှာ အခက်အခဲရှိလို ကျန်ခဲ့တဲ့ကလေးတွေ များပါတယ်”ဟု အဆိုပါ အစီအစဉ်ကို ဦးဆောင်သူ တရုတ်အမျိုးသား ကုသိုလ်ဖြစ်အဖွဲချုပ်၏ အကြီးအကဲတစ်ဦး ဖြစ်သည့် ရွှီယိရွှန်းက ဆိုသည်။ 

တရုတ်နိုင်ငံ ပေကျင်းမြို့ အန်းကျန်းနှလုံးအထူးကုဆေးရုံကြီးတွင် ကလေးငယ်များအား တွေ့ရစဉ် (ဓါတ်ပုံ- စေတနာ့ဝန်ထမ်း)

ပေကျင်းသို့ အတူပါလာသည့် ဆရာဝန်နှင့် အခြားကလေးငယ်များ၏မိဘဆွေမျိုးများကလည်း ကလေးကို ပြန်ခေါ်သွားရင် ကုသနိုင်ဖို့ကလည်း မသေချာ၊ ပေကျင်းမှာက မျှော်လင့်ချက်ရှိသေးတယ်ဟု ဆိုသဖြင့် ဦးမြသိန်းသည် သမီးငယ် ခွဲစိတ်ကုသမှု ခံယူရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ “အကိုက သူ့သမီးလေးရဲ့ နောက်ဖြစ်လာနိုင်မယ့်ကိစ္စကိုတောင် ကြိုပြီးစဉ်းစားနေတယ်ဗျာ”ဟု ကိုထိုက်လွင်ကိုက ဆိုသည်။ 

ဦးမြသိန်း၏ ဖခင်ဖြစ်သူသည်လည်း နှလုံးရောဂါကြောင့် ရုတ်တရက်သေဆုံးခဲ့ရသောကြောင့် မိမိ၏သမီးငယ် တစ်နှစ်ခွဲအရွယ်လောက်မှာ နှလုံးရောဂါရသည်ကို သိခဲ့သည့်အခါ ပူဆွေးသောက ရောက်ခဲ့ရသည်။ သုံးလေးငါးရက်ခြားတစ်ခါ သမီးအတွက် ဆေးရုံဆေးခန်းပြေးနေရသောကြောင့် ဆောက်လုပ်ရေးတွင် အလုပ်လုပ်နေရသည့်သူ့အတွက် အလုပ်အကိုင်ပျက်လာပြီး ဆေးကုသမှုကုန်ကျစရိတ်များဖြင့်လည်း အကျပ်အတည်းဝန်ပိနေခဲ့ရသည်။ 

တရုတ်နိုင်ငံ ပေကျင်းမြို့ အန်းကျန်းနှလုံးအထူးကုဆေးရုံကြီးတွင် ကလေးငယ်များအား တွေ့ရစဉ် (ဓါတ်ပုံ- စေတနာ့ဝန်ထမ်း)

 တရုတ်နိုင်ငံ ပေကျင်းမြို့တွင် နှလုံးရောဂါခွဲစိတ်ကုသမှုခံယူရန် ရောက်ရှိလာသော ကလေးငယ်များနှင် စေတနာ့ဝန်ထမ်းများအား တွေ့ရစဉ် (ဓါတ်ပုံ- စေတနာ့ဝန်ထမ်း)

“သမီး နှလုံးရောဂါရှိတယ်ဆိုတာကို သိတော့ ကျွန်တော်တို့ သူ့ကို ပိုးမွေးသလို မွေးခဲ့ရတယ်။သမီးလေးက ပိန်တယ်။ နှလုံးအမောဖောက်ရင် လက်ထိပ်တွေ နှုတ်ခမ်းတွေ ပြာနှမ်းတဲ့အထိအောင်ပါပဲ။ သူစားချင်တာလည်းမစားနိုင်ဘူး။ စားလိုက်တာနဲ့ အန်တယ်။ ကျွန်တော်တို့က သူ့ကို တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားမနေဖို့ ထားထားရတယ်။”ဟု ဦးမြသိန်းက ဆိုသည်။ 

ဦးမြသိန်းမှာ သားသမီးသုံးယောက်ရှိရာ ဝတ်ရည်ထွန်းသည် ဒုတိယ မြောက်ကလေး ဖြစ်သည်။ နှလုံးရောဂါရှိသည်ဟု သိပြီးနောက်ပိုင်း တစ်မိသားစုလုံး သူ့ကိုသာ အာရုံစိုက်အလေးထား စောင့်ရှောက်ခဲ့ရသည်။ “သမီး ၆ နှစ်အရွယ်မှာ ကုသမယ်ဆိုရင် သိန်း ၅၀ ကုန်မယ်လို့ပြောတယ်။ အဲဒီအချိန်တုန်းက သိန်း ၅၀ ဆိုရင် ကျွန်တော်တို့ ရပ်ကွပ်မှာ မြေနဲ့အိမ်ဝယ်လို့ရတယ်ဗျာ။ ဆွေမျိုးတွေဆီက စုမယ်ဆိုရင်လည်း ခက်ခဲပါတယ်။ နောက်ပိုင်းမှာလည်း အကြောင်းအမျိုးမျိုးကြောင့် မကုသနိုင်ဘူး ”ဟု ဖခင်ဖြစ်သူ ဦးမြသိန်းက ဆိုသည်။  

 ၂၀၁၇ ခုနှစ် မတ် ၂၈ ရက်တွင် တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်က မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင်ကလေးငယ်များ ကူညီကုသပေးရေး ကျန်းမာရေးဒါန အစီအစဉ်ကို စတင်ခဲ့ရာ တရုတ်နိုင်ငံ ဆရာဝန်များက နှလုံးဝေဒနာရှင် ကလေးငယ် ၁၀၀ ကျော်ထဲမှ အချို့ကို ရွေးချယ်၍ ပေကျင်းမြို့သို့ အခမဲ့ ပို့ဆောင်၍ အခမဲ့ကုသပေးခဲ့သည်။ 

“သမီးလေး တရုတ်နိုင်ငံကို သွားပြီး အခမဲ့ကုသမှု ခံယူခွင့်ရတယ်ဆိုတာ သိတော့ ကျွန်မ ဝမ်းသာမျက်ရည်ကျမိပါတယ်”ဟု ကလေး၏ မိခင်က ဆိုသည်။ “ခွဲစိတ်ကုသတဲ့နေ့က ဝတ်ရည်ထွန်းနဲ့အတူ ခွဲစိတ်ခန်းဝင်သွားတဲ့ ကလေးနှစ်ယောက်က ၂ နာရီလောက်ဆို ထွက်လာပြီ။ ဒါပေမဲ့ ဝတ်ရည်ထွန်းက ထွက်မလာသေးဘူး။ ကလေးမလေးရဲ့ မိသားစုရော ကျွန်တော်တို့ စေတနာ့ဝန်ထမ်းတွေရော စိတ်ပူနေကြတယ်။ရောဂါအခြေအနေကို အားလုံးက သိကြတယ်။”ဟု ကိုထိုက်လွင်ကိုက ဆိုသည်။ 

ညနေ ၆ နာရီခွဲလောက်မှ ဆရာဝန်ကြီးက ခွဲစိတ်ခန်းက ထွက်လာသည်။ “ကျွန်တော် ပြေးပြီးအခြေအနေကို သွားမေးပေးတယ်။ ဆရာဝန်ကြီးက ကလေးမလေး ဘာမှမဖြစ်ဘူး၊ ချုပ်ရိုးလည်းချုပ်ပြီးပြီ၊စိတ်ချပါလို့ပြောတော့ သူ့အဖေကို ကျွန်တော် အပြေးသွားပြောပြလိုက်တယ်။အကိုက ကျွန်တော်တို့ အရှေ့မှာပဲ ငုတ်တုတ်ထိုင်ချပြီး ငိုတော့တာပဲဗျာ။ သူ့စိတ်ထဲမှာ သမီးကျန်းမာရေးအတွက် ဘယ်လောက်တောင် သောကတွေဝေခဲ့ရသလဲ…ဒါပေမယ့် ပူပန်မှုတွေအားလုံးကို အဆုံးသတ်နိုင်ခဲ့ပြီလေ”ဟု စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးခဲ့သူ ကိုထိုက်လွင်ကိုက ထိုစဉ်အချိန်က အဖြစ်အပျက်ကို ပြောပြပါသည်။ 

၂၀၁၈ခုနှစ်မှ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းအထိဆိုလျှင် တရုတ်အမျိုးသားကုသိုလ်ဖြစ်အသင်းချုပ်နှင့် ယူနန်ပြည်နယ် ဖူဝိုက်နှလုံးသွေးကြောအထူးကုဆေးရုံကြီးနှင့်အတူ ပူးပေါင်းကာ မြန်မာနိုင်ငံရှိ မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ် ၂၄ ဦးအား ကျန်းမာရေးဒါနအဖြစ် အခမဲ့ ခွဲစိတ်ကုသပေးခဲ့သည်။ 

မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင်ကလေးငယ်များကို ကူညီကုသမှုပေးခြင်းသည် ကလေးတစ်ယောက်ကို ကူညီကုသပေးခြင်းဖြစ်သလို မိသားစုတစ်ခုကို လည်း ကူညီဖေးမပေးရာရောက်သည်ဟု  ကုသိုလ်ဖြစ်အသင်းချုပ် အကြီးအကဲတစ်ဦးဖြစ်သည့် ရွှီယိရွှန်းက ဆိုသည်။

ယခုနှစ် ကပ်ရောဂါကြောင့် မူလစီစဉ်ထားသည့်အစီအစဉ်ကို ပုံမှန် မဆောင်ရွက်နိုင်ခဲ့သော်လည်း ကပ်ရောဂါကာလတွင် ယူနန်ပြည်နယ် ဖူဝိုက်နှလုံးသွေးကြောအထူးကုဆေးရုံက မြန်မာနိုင်ငံသို့ ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ လှူဒါန်းမှု ပြုခဲ့ကြောင်း၊ ကုသိုလ်ဖြစ်အသင်းချုပ်အနေဖြင့်လည်း ယခုကာလများအတွင်း ကလေးငယ်ကျန်းမာရေးအစောင့်အရှောက်ပစ္စည်းအိတ်ကလေးများ လှူဒါန်းမည် ဖြစ်ကြောင်း၊ ကပ်ရောဂါ ပြီးဆုံးသွားသည့်အခါ မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင်ကလေးငယ်များ ကူညီကုသပေးရေး ကျန်းမာရေး ကုသိုလ်ဒါန အစီအစဉ်ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ယခုအခါ အသက် ၁၄ နှစ် အရွယ် သမီးငယ် ဝတ်ရည်ထွန်း၏ ကျန်းမာရေးအခြေအနေ ပို၍ကောင်းမွန်လာပြီဖြစ်ရာ ပျော်ရွှင်စွာနေထိုင်သွားလာနိုင်ပြီဖြစ်သလို မိခင်ဖြစ်သူကိုလည်း အိမ်အလုပ်များ ကူလုပ်ပေးနိုင်ပြီဖြစ်သည်။ဖခင်ဖြစ်သူ ဦမြသိန်းအနေဖြင့်လည်း သမီးကျန်းမာရေးအတွက် စိတ်ပူစရာမလိုတော့ဘဲ မိသားစုအတွက် စိတ်အေးချမ်းသာစွာ အလုပ်လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ 

“သမီးတို့ ကုသမှုခံယူပြီးတော့ မော်စီတုန်းအောက်မေ့ဖွယ်အမှတ်တရ ပြတိုက်၊ ထျန်းအန်းမင်ရင်ပြင်ကို သွားတာ သတိရတယ်။ ပေကျင်းမှာ ဆရာဝန်ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်းအကိုအမတွေ သမီးတို့ကို ဂရုတစိုက်စောင့်ရှောက်ခဲ့တာကို သတိရတယ်။ သမီးတို့ကို လက်ဆောင်တွေလည်း ပေးသေးတယ်။ ကြီးလာရင် စေတနာ့ဝန်ထမ်းအကိုအမတွေလို တရုတ်ပြည်မှာ တရုတ်စကားပြန်လုပ်ချင်တယ်။ ”ဟု သမီးငယ် စုဝတ်ရည်ထွန်းက လွန်ခဲ့သော ၃ နှစ် နွေဦးရာသီကာလ ပေကျင်းသို့ သွားသည့် အဖြစ်အပျက်များကို အမှတ်ရစွာ ဆိုသည်။ (Xinhua)