Connect with us

Politics

COVID-19 ရောဂါ ကာကွယ်ဆေး သုတေသနပြုထုတ်လုပ်မှုအောင်မြင်ပါက မြန်မာနိုင်ငံအား ဦးစားပေး မျှဝေပေးလိုကြောင်း တရုတ်နိုင်ငံ အဆင့်မြင့်သံတမန် ယန်ကျဲ့ချီပြောကြား

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် ဗဟိုကော်မတီပြည်ပရေးရာလုပ်ငန်း ကော်မရှင်ရုံးဥက္ကဋ္ဌ မစ္စတာ ယန်ကျဲ့ချီ တို့ စက်တင်ဘာ ၁ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌ မစ္စတာ ယန်ကျဲ့ချီသည် စက်တင်ဘာ ၁ ရက်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က နေပြည်တော်တွင် အသီးသီး လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့သို့ တွေ့ဆုံဆွေးနွေးစဉ် မစ္စတာ ယန်ကျဲ့ချီက  သမ္မတ ရှီကျင့်ဖိန် ယခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ရာ တရုတ်-မြန်မာ ဆက်ဆံရေး ခေတ်သစ်ကာလကို လျှောက်လှမ်းသည့် တွန်းအား ဖြစ်စေခဲ့ကြောင်း ၊ ကပ်ရောဂါတိုက်ဖျက်ရေးတွင် နှစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီခဲ့ကြရာ ဆွေမျိုးပေါက်ဖော် အစဉ်အလာချစ်ကြည်ရေးကို တစ်ဆင့်တိုးမြှင့် မှတ်ကျောက်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော အရေးကြီး သဘောတူညီချက်များကို အကောင်အထည်ဖော်ကာ တရုတ်-မြန်မာ အေးအတူပူအမျှ ကံတူအကျိုးပေးအသိုက်အဝန်းအား လက်တွဲတည်ဆောက်သွားလိုကြောင်း နှင့် တရုတ်နိုင်ငံမှ ကာကွယ်ဆေးသုတေသနပြုထုတ်လုပ်မှုအောင်မြင်ပါက မြန်မာနိုင်ငံအား ဦးစားပေး မျှဝေပေးလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် COVID-19 ကာကွယ်ဆေး သုတေသနပြုထုတ်လုပ်ရေးအတွက် နိုင်ငံ၏အရင်းအမြစ်၊ နည်းပညာအသွယ်သွယ်ကို အသုံးပြု၍ အားသွန်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ COVID-19 ရောဂါ ကာကွယ်ဆေး ၄ မျိုးကို နိုင်ငံတကာ တတိယအဆင့် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ 

ပထမအဆင့် တိရစ္ဆာန်ဖြင့် စမ်းသပ်ခြင်း၊ ဒုတိယအဆင့် လက်တွေ့စမ်းသပ်ခြင်း၏ ရလဒ်များကို တရုတ်နိုင်ငံ ကာကွယ်ဆေး သုတေသီများက နိုင်ငံတကာ သိပ္ပံဂျာနယ်များတွင် ပွင့်လင်းမြင်သာစွာ ဖော်ပြထား၍ နိုင်ငံတကာအသိုက်အဝန်းနှင့်အချက်အလက်များ မျှဝေကာ ကာကွယ်ဆေး အောင်မြင်ရန်အတွက် တွန်းအားအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua)