Connect with us

COVID-19 UPDATES

မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ Vaccine နှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို တရုတ်-မြန်မာ ပူးတွဲကျင်းပ

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ Vaccine နှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-Chinese Embassy in Myanmar)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ Vaccine နှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနား၌ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဒုတိယဥက္ကဌ Mr. Deng Boqing ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Ms. Li Malin ၊ တယ်ဟုန်ပြည်နယ်ခွဲ အုပ်ချုပ်ရေးမှူး Mr. Wei Gang ၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အာဆီယံအတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi တို့ အသီးသီး အမှာစကားပြောကြားကြပါသည်။

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ Vaccine နှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-Chinese Embassy in Myanmar)

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ Vaccine နှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-Chinese Embassy in Myanmar)

တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဒုတိယဥက္ကဌ Mr. Deng Boqing အမှာစကားပြောကြားရာ၌ ပြီးခဲ့သည့်ရက်ပိုင်းက အာဆီယံအတွင်းရေးမှူးရုံးမှ “အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးအပ်မှုနှင့် ပတ်သက်သည့် Pledging Conference” ကျင်းပခဲ့ရာ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi မှ စာဖြင့်မိန့်ခွန်းပြောကြားခဲ့ပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ Vaccine နှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ကူညီထောက်ပံ့မည်ဟု ကြေညာခဲ့ကြောင်း၊ ယနေ့တွင် မိမိတို့ ကူညီထောက်ပံ့သည့် ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းသည် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို အကောင်အထည်ဖော်ဆောင်မှု ဖြစ်ကြောင်း၊ အာဆီယံနှင့်အတူ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့် နောက်ထပ်အစီအမံတစ်ရပ်လည်း ဖြစ်ကြောင်း၊ မိမိတို့သည် တရုတ်နိုင်ငံ၏ ကူညီမှုမှတစ်ဆင့် မြန်မာနိုင်ငံအား ကပ်ရောဂါကာကွယ်ရေးတံတိုင်း ခိုင်မြဲစေရန် အကူအညီပေးနိုင်ပြီး ကပ်ရောဂါကို ဆောလျင်စွာ အနိုင်ယူကာ တည်ငြိမ်အေးချမ်းသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလာကတည်းက တရုတ်-မြန်မာနှစ်နိုင်ငံသည် အပြန်အလှန်ဖေးမကူညီ၍ အခက်အခဲများကို အတူကျော်လွှားခဲ့ကာ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု စံနမူနာသစ်ကို ဖော်ဆောင်ခဲ့ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး စာမျက်နှာသစ် ရေးသားနိုင်ခဲ့ရာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် တိုတောင်းလှသည့် ၁၅ ရက်အတွင်း နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi “အာဆီယံ Pledging Conference” ၌ ကြေညာခဲ့သည့် အကူအညီပေးအပ်မှု ကတိကဝတ်ကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ရာ တရုတ်နိုင်ငံမှ တရုတ်-မြန်မာ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံ၏အခန်းကဏ္ဍအပေါ် အလေးထားသည်ကို အပြည့်အဝ ထင်ဟပ်နေကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ယခုအကြိမ် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သည့်ပစ္စည်းများ အသုံးပြုနိုင်ရေးအတွက် ဆက်လက်ကူညီပေးမည် ဖြစ်ကြောင်း၊ တရုတ်-မြန်မာနယ်စပ် ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေးကို ဆက်တိုက်တွန်းအားပေးဆောင်ရွက်၍ တရုတ်-မြန်မာ ပြည်သူများ အသက်နှင့် ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးကာ နှစ်နိုင်ငံ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် အားဖြည့်ပေးမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက် အတူတကွကြိုးပမ်းမှုနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံအားပေးမှုဖြင့် မြန်မာနိုင်ငံမှ ကပ်ရောဂါကို ဆောလျင်စွာ အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားပါသည်။
ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Ms. Li Malin က မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သည့်ပစ္စည်းများ စတင်ပို့ဆောင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ထိုကူညီမှုတွင် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများ၏ နက်ရှိုင်းသော သံယောဇဉ်နှင့် ချစ်ကြည်ရင်းနှီးမှုတို့ ပါဝင်နေကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီသော၊ တစ်လှေတည်းစီး တစ်ခရီးတည်းသွားသော အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်နေကြောင်း၊ ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံဗဟိုအစိုးရ၏ စုစည်း စီမံခန့်ခွဲမှုနှင့်အညီ မိမိ၏ အားသာချက်ကို တက်တက်ကြွကြွဖော်ထုတ်ကာ မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးကို ဆက်လက်ထောက်ခံအားပေးပြီး တရုတ်-မြန်မာ နယ်စပ်ဒေသရှိ နှစ်နိုင်ငံပြည်သူများ၏ အသက်လုံခြုံရေးနှင့် ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အကျိုးဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် အာဆီယံအတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi တို့က တရုတ်နိုင်ငံမှ အာဆီယံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ထောက်ခံအားပေးမှုနှင့် ကူညီမှုများကို ချီးကျူးခဲ့ပြီး တရုတ်နိုင်ငံက “အာဆီယံ Pledging Conference” ကို တက်တက်ကြွကြွတုံ့ပြန်၍ မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေး အကူအညီများ ပေးအပ်သည့်အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါဆောင်ရွက်မှုသည် မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် မြန်မာပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အထောက်အကူဖြစ်စေကြောင်း၊ မြန်မာနိုင်ငံသည် အဆိုပါ Vaccine နှင့် ပစ္စည်းများကို ကောင်းမွန်စွာ အသုံးပြု၍ တရုတ်နိုင်ငံနှင့်အတူ နယ်စပ်ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေး အပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဖော်ဆောင်ပြီး မြန်မာ-တရုတ် ကဏ္ဍစုံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
တရုတ်နိုင်ငံက ယခုအကြိမ် မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့မှုတွင် တရုတ် Sinopharm ကိုဗစ်-၁၉ Vaccine နောက်ထပ် အလုံးရေ ၁ သန်း နှင့် တရုတ်ယွမ်ငွေ သန်း ၂၀ တန်ဖိုးရှိ အောက်ဆီဂျင်စက်၊ ကာကွယ်ရေးဝတ်စုံ၊ Test Kit စသည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တရုတ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း၌ သီးသန့် အသုံးပြုမည်ဖြစ်ကာ အသေးစိတ်ကို ယူနန်ပြည်နယ်မှ တာဝန်ယူ ဖော်ဆောင်မည်ဖြစ်သည်။ တရုတ်နိုင်ငံက အထက်ပါ Vaccine နှင့် ပစ္စည်းများကို အသုတ်ခွဲ၍ မြန်မာနိုင်ငံ မူဆယ်၊ မြစ်ကြီးနား၊ ကိုးကန့် စသည့်ဒေသများသို့ ပို့ဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ မြန်မာနိုင်ငံသို့ စေလွှတ်ကာ Vaccine ထိုးနှံရေး စသည့်လုပ်ငန်းများကို လမ်းညွှန်ပြသလျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံ သံရုံးက ထုတ်ပြန်ထားသည်။ (Xinhua)