Connect with us

MYANMAR

နိုင်ငံတော်အစိုးရ၏ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ခြင်း အနေဖြင့် အိမ်ထောင်စုပေါင်း (၆ ဒဿမ ၁)သန်းခန့် အတွက် ငွေကျပ်(၁၆၃ ဒဿမ ၉၀၅)ဘီလီယံ ထောက်ပံ့မည်

စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ရေးဆောင်ရွက်ထားမှု အခြေအနေပြဂရပ် အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

နိုင်ငံတော်အစိုးရ၏ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ခြင်း အနေဖြင့် Stay at Home ပြင်ပတွင် ရှိသော အိမ်ထောင်စု (၁)စုလျှင် (၂၀,၀၀၀)ကျပ်နှုန်း၊ Stay at Home အတွင်းရှိသော အိမ်ထောင်စု (၁)စုလျှင် (၄၀,၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၆ ဒဿမ ၁)သန်းခန့် အတွက် ငွေကျပ်(၁၆၃ ဒဿမ ၉၀၅)ဘီလီယံကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

COVID-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့ရာတွင် အိမ်ထောင်စုများထံ လက်ဝယ်အရောက် စနစ်တကျ ပေးအပ်နိုင်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နိုဝင်ဘာ ၁၀ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် COVID-19 ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုများကို ဖြေလျှော့ နိုင်ရန် ထုတ်ပြန်ထားသည့် “အားလုံးတစ်ပေါင်းတည်းကျော်လွှားခြင်း-COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်(COVID-19 Economic Relief Plan-CERP)” ပါ လုပ်ငန်းစဉ်များအရ အခြေခံ စားကုန် (၅)မျိုး ဖြန့်ဝေခြင်းကို အိမ်ထောင်စုပေါင်း (၄ဒဿမ၆) သန်းအတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် လည်းကောင်း၊ အခြေခံစားကုန် (၅)မျိုး ဖြန့်ဝေရာ၌ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သော အိမ်ထောင်စုများကို ငွေကျပ် (၁၅,၀၀ဝ)နှုန်းဖြင့် ၂၀၂၀ပြည့်နှစ်၊ ဇွန်လတွင်လည်းကောင်း ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများကို ငွေ (၂၀,၀၀၀) ကျပ်စီ ထောက်ပံ့ခြင်းအား ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလအသီးသီး၌ စုစုပေါင်း(၃) ကြိမ် ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်အစိုးရအနေဖြင့် အိမ်ထောင်စုပေါင်း(၅ ဒဿမ ၇)သန်းအတွက် ကျပ် (၄၀၄ ဒဿမ ၇၃၅) ဘီလီယံကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေ ဖြင့် နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများကို ထောက်ပံ့ချိန်တိုင်းတွင် အခြေခံ စားကုန်များနှင့် ထောက်ပံ့ငွေကြေးများကို သတ်မှတ်ရက်ကာလအတွင်း လက်ဝယ်အရောက် စနစ်တကျ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.