Connect with us

MYANMAR

ဖွင့်လှစ်ခွင့်မပြုထားသော လုပ်ငန်းများမှ အလုပ်သမားများ၊ ဝန်ထမ်းများ လုပ်ခလစာများကို သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများတွင် သွားရောက် ထုတ်ယူရန် ခွင့်ပြုမည်

ရန်ကုန် ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home ကာလအတွင်း ဖွင့်လှစ်ခွင့်မပြုထားသော လုပ်ငန်းများမှ အလုပ်သမားများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ စက်တင်ဘာလ လုပ်ခလစာများကို သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောက်တိုဘာလ (၈) ရက်မှစ၍ သွားရောက်ထုတ်ယူရန် ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ယနေ့ ထုတ်ပြန်ခဲ့သည်။

ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား အောက်တိုဘာ ၈ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်တွင် ထပ်မံ ထုတ်ပြန်ကြေညာခဲ့သည်။

UMFCCI မှအထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက “လစာသွားထုတ်ဖို့အတွက် QR Pass ယူဖို့မလိုပါဘူး ။ လစာ သွားထုတ်ဖို့ ၈ ရက် ၊ ၉ ရက်ပေါ့ဗျာ။ ဒီနှစ်ရက်လောက်ကို လစာထုတ်ဖို့အတွက်ကို သွားခွင့်ပြုပါတယ်။ ဒါပေမယ့် စက်ရုံ ၊ အလုပ်ရုံကနေပြီးတော့ တာဝန်ခံပြီး စီစဉ်ပေးရပါမယ်။ လူစုလူဝေးကြီးနဲ့ စက်ရုံ ၊ အလုပ်ရုံမှာ လစာယူရမယ့် အခြေအနေမျိုး မဖြစ်အောင်ရယ် ၊ မလိုလားအပ်ဘဲနဲ့ ရက်တွေ အကြာကြီး ဖြစ်နေအောင်ရယ် အဲလိုမျိုး နှစ်ခု မဖြစ်အောင် အတတ်နိုင်ဆုံး စက်ရုံ ၊ အလုပ်ရုံဘက်က တာဝန်ယူပြီး စီစဉ်ပေးရမှာပေါ့ ။”ဟု ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။
“ဘယ်နှစ်ရက်လောက်ထိလို့တော့ မဟုတ်ပါဘူး ။ ကောင်းတာကတော့ Stay at Home ကာလမှာ လူတွေအနေနဲ့ တတ်နိုင်သလောက် အပြင်မထွက်ဘဲနေတာကတော့ ပိုကောင်းတာပေါ့။ ဒီလိုမျိုး လုပ်ငန်းတွေ ပိတ်ထားတယ် ဆိုတာ အားလုံးအတွက် တော်တော်လေးကို ထိခိုက်ဆုံးရှုံးတဲ့ အခြေအနေ တစ်ရပ် ရှိတယ်။ ဒီလောက် ဆုံးရှုံးနေတဲ့ အချိန်မှာ တတ်နိုင်သလောက် နားလည်မှု ယူပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတာပေါ့ ။”ဟုလည်း၄င်းက ထည့်သွင်း ပြောကြားခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလ အတွင်း ခွင့်ပြုလုပ်ငန်းများလည်ပတ်မည်ဆိုပါက Onlineမှတစ်ဆင့် မှတ်ပုံတင်ရန် အသိပေးထားပြီး ဖွင့်လှစ်ခွင့်မပြုထားသော လုပ်ငန်းများသည် လုပ်ခလစာပေးရာတွင် Payroll Processing QR Pass ကို အောက်တိုဘာလ (၄) ရက်နှင့် (၅) ရက်များတွင် မှတ်ပုံတင်ရယူ၍ အောက်တိုဘာလ (၆) ရက်နှင့် (၇) ရက်များတွင် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသို့ သွားရောက်နိုင်သည်ဟု ကြေညာထားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.