Connect with us

MYANMAR

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းရှိမရှိကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်မှုပေါ် မူတည်၍ ဆုံးဖြတ်သွားမည်ဟုဆို

ရန်ကုန်မြို့ရှိ စာကျောင်းတစ်ခုတွင် ကျောင်းသူတစ်ဦးအား ကိုယ်အပူချိန်တိုင်းတာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းရှိမရှိကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်မှုပေါ် မူတည်၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင် ကျောင်းသူကျောင်းသားများ အတန်းပညာအား စဉ်ဆက်မပြတ်လေ့လာနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ဆင်ဟွာသို့အောက်တိုဘာ ၇ ရက်တွင်ပြောကြားသည်။

“လက်ရှိမှာ ကျောင်းဖွင့်နိုင်၊ မဖွင့်နိုင် အခြေအနေကိုစောင့်ကြည့်နေတဲ့အနေအထားပါ။ အခုကအောက်တိုဘာ ဆိုတော့ ကျွန်တော်တို့ စာသင်နှစ်ရဲ့ ၁၀လ မှာ ၅ လကကုန်ပြီလေ။ ကျန်တဲ့၅လကျန်တယ်။ ကျန်တဲ့ ၅လမှာ COVID-19 ရောဂါထိန်းချုပ်နိုင်လို့ ကျောင်းဖွင့်နိုင်ခဲ့ရင် နောက်ထပ်စာသင်ချိန်တွေ ပိုရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတွေပါစဉ်းစားရမှာဖြစ်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ယခုအချိန်တွင် ကျောင်းသား/ကျောင်းသူများ စဉ်ဆက်မပြတ်သင်ယူခွင့်ရရှိနိုင်ရေး TV၊ ရေဒီယို နှင့် Myanmar Digital Education Platform တို့မှ တဆင့် သင်ခန်းစာများထုတ်လွှင့်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆိုသည်။

“ဒီပညာသင်နှစ်မှာဖွင့်နိုင်မလား၊ မဖွင့်နိုင်ဘူးလားဆိုတာလည်း ပြောလို့မရသေးဘူး။ ဒါပေမယ့် ကလေးတွေ အနေနဲ့ အိမ်မှာနေရင်း လေ့လာသင်ယူနိုင်အောင်ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ မဖွင့်လို့ဆိုပြီး မလေ့လာဘဲနေရင် ကလေးတွေပဲနစ်နာမှာလေ။ ပြန်ဖွင့်ဖြစ်ရင်လည်း ပိတ်ရက်တွေ ကို ဖြည့်သုံးလို့ရ၊ ရမရ ဆိုတာ ကျွန်တော်တို့ဆွေးနွေးရဦးမယ်။ ပြီးတော့မှ ကျွန်တော်တို့ ဒီပညာသင်နှစ် ကိုဖွင့်နိုင်မယ်၊ မဖွင့်နိုင်ဘူး ဆိုတာ ကျွန်တော်တို့ ဆွေးနွေးပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ရဲ့ လမ်းညွှန်မှုခံယူပြီးဆောင်ရွက် ရမယ့်အနေအထားမှာရှိပါတယ်’’ ဟု ဦးကိုလေးဝင်းက ဆက်ရှင်းပြသည်။

ထို့ပြင် မတ်လဆန်းတွင် ကျင်းပပြုလုပ်နေကြဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲ ကိုရွှေ့ဆိုင်းမည်လား၊ မရွှေ့ဆိုင်းမည်လားဟူသည်ကိုလည်း ကြေညာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ အခြေခံပညာကျောင်းများ အနက် အထက်တန်းအဆင့် အတန်းများအား ၂၀၂၀ပြည့်နှစ် ဇူလိုင်၂၁ရက် ကစတင်ဖွင့်လှစ်ခဲ့သော်လည်း သြဂုတ် ၂၇ ရက်မှ စတင်ကာ COVID-19 ရောဂါအခြေအနေကြောင့် တစ်နိုင်ငံလုံးရှိကျောင်းများအားလုံးကို ပြန်ပိတ်ခဲ့ရကြောင်း သိရသည်။ (Xinhua)