Connect with us

MYANMAR

ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေးများ ပေးဆောင်ခြင်း တစ်နှစ်ကင်းလွတ်ခွင့်ပြု 

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) 

ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူ လုပ်ငန်းရှင်များအား ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက် မှ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက် အထိ  တစ်နှစ်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ဆင်ဟွာကို ဧပြီ ၁၆ ရက် တွင်ပြောသည်။

ဦးမြင့်ထွေးက “ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ မနေ့က စာထုတ်ခဲ့ပါတယ်။ COVID-19 ရောဂါကြောင့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ကုစားနိုင်ဖို့ အတွက် COVID-19 ရောဂါနဲ့ ပတ်သက်တဲ့ ကုစားရေးကော်မတီ ကနေ လမ်းညွှန်ချက်အရ ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။ ပေးဆောင်ရမယ့် အခွန်အခ တွေကို တစ်နှစ်တာ ကင်းလွတ်ခွင့် ပေးခဲ့တာပါ’’ ဟုပြောသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ (၂၀၁၈) နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ ထိုကော်မတီများက သက်ဆိုင်ရာဒေသအလိုက် ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာ လုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းများအတွက် လိုင်စင်ကြေး၊ လိုင်စင် အသစ်လဲလှယ်ကြေးများကို ကောက်ခံလျက်ရှိကြောင်း သိရသည်။ 

ဦးမြင့်ထွေးက “ဟိုတယ်တွေရဲ့  အစိုးရကိုပေးရတဲ့ ငှားရမ်းခတွေကို ၆ လရွှေ့ဆိုင်းပေးဖို့ လည်းဆောင်ရွက်နေပါတယ်။ COVID-19 ရောဂါက တစ်ကမ္ဘာလုံး ထိခိုက်ခံစားနေရတယ်။ ကျွန်တော်တို့ နိုင်ငံလည်း ခံစားနေရတယ်။ ခရီးသွားလုပ်ငန်း ကဏ္ဍ က အများ အားဖြင့် ထိခိုက်ခံစားရခဲ့ရတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်း ကဏ္ဍမှာ ထိခိုက်မှု တွေ ရှိလို့ ခရီးသွားလုပ်ငန်း ပြန်ပြီး ဦးမော့နိုင်ဖို့ ကျွန်တော်တို့တွေ ပြန်ကြိုးစားရမှာ ဖြစ်ပါတယ်’’ ဟုပြောသည်။

COVID-19 ရောဂါ ဖြစ်ပွားပြီးနောက် ပွင့်လင်းရာသီ ခရီးသွားလာနိုင်ရန် လက်မှတ်များရောင်းချ ထားသည့် ခရီးသွားကုမ္ပဏီများ အနေဖြင့် ငွေများ ပြန်အမ်းပေးခဲ့ရကြောင်း၊ လက်ရှိတွင် ပြည်တွင်းပြည်ပ ခရီးစဥ်များ လုံးဝရပ်နားထားရကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.