Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁ ဦး ထပ်တိုး ၊ စုစုပေါင်း လူနာ အရေအတွက် ၈၅ ဦးရှိလာ

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုများအား ယနေ့ ဧပြီ ၁၆ ရက် နံနက် ၁၀နာရီသတင်းထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁ ဦးထံတွင် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး စုစုပေါင်း  လူနာ အရေအတွက် ၈၅ ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည်  ဧပြီ ၁၅ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပေးပို့လာသော COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ များ၏ ဓာတ်ခွဲ နမူနာများအနက် ကျန်ရှိသော လူနာ၂၇၂ ဦး၏ ဓာတ်ခွဲနမူနာများအားစစ်ဆေးရာ ၁၁ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရပြီး ကျန် (၂၆၁) ဦး၏ ဓာတ်ခွဲနမူနာ များတွင် COVID-19 ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ၊ အလုံ၊ စမ်းချောင်း၊ ဗဟန်း၊ လှိုင်သာယာ၊ ပုဇွန်တောင်၊ အင်းစိန်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်များတွင် ၉ ဦး၊ ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် တစ်ဦးနှင့် မန္တလေးတိုင်းဒေသကြီး အောင်မြင်သာစံမြို့နယ်ရှိ တစ်ဦးတို့တွင် COVID-19 ရောဂါတွေ့ရှိခဲ့ပြီး အဆိုပါ ရောဂါတွေ့ရှိသူများသည် ယခင်ရောဂါပိုးရှိသူများနှင့် ထိတွေ့ထားသူ ၇ ဦးနှင့် ထိတွေ့မှုမရှိသူ ၄ ဦးတို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ယနေ့တွေ့ရှိသည့် ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁) ဦးအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပို့၍ ကုသမှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)