Connect with us

WORLD

ချက်နိုင်ငံ ပရက်ဂ်မြို့တွင်  ကလပ်ပါတီပွဲ တက်ရောက်ပြီးနောက် လူ ၆၈ ဦး ရောဂါကူးစက်ခံရ

ချက်နိုင်ငံ ပရက်ဂ်မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် စားသောက်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပရက်ဂ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ချက်နိုင်ငံ ပရက်ဂ်မြို့တွင် ဇူလိုင် ၁၁ ရက်က ဂီတဖျော်ဖြေပွဲ ကလပ်ပါတီတစ်ခု ပြုလုပ်ပြီးနောက် ဇူလိုင် ၂၂ ရက်အထိ ဘောလုံးကစားသမားများ အပါအဝင် လူပေါင်း ၆၈ ဦး COVID-19 ရောဂါကူးစက်ခံရကြောင်း ပရက်ဂ်မြို့ တစ်ကိုယ်ရေ ကျန်းမာရေး နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနအရ သိရသည်။ 

ပါတီပွဲတက်ရောက်ခဲ့သူများအနက် တစ်ဦးတွင် ရောဂါကူးစက်မှုရှိကြောင်း သတင်းရရှိပြီးနောက် တာဝန်ရှိသူများက နောက်ထပ် ပါတီတက်ရောက်သူ ၁၇ ဦးကို စစ်ဆေးခဲ့ရာ ၁၅ ဦး၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့သည်။ ထို့နောက် စစ်ဆေးစမ်းသပ်မှုများ နောက်ထပ်ပြုလုပ်ခဲ့ရာတွင် ပါတီတက်ရောက်သူများအကြား ရောဂါကူးစက်မှုများကို ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ပရက်ဂ်မြို့ တစ်ကိုယ်ရေ ကျန်းမာရေး နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာန ညွှန်ကြားရေးမှူး Zdenka Jagrova က ပြောခဲ့သည်။ 

အထက်ဖော်ပြပါ ပါတီတက်ရောက်သူများနှင့် ကလပ်သို့ လာရောက်သူများ၏ မိသားစုဝင်များ၊ အနီးကပ်ထိတွေ့မှုရှိသူများတွင် ရောဂါကူးစက်မှုများ ပိုမိုတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

ရောဂါပိုးရှိကြောင်း တွေ့ရှိရသည့် အနီးကပ်ထိတွေ့မှုရှိသူအားလုံးကို အသွားအလာကန့်သတ်ခြင်း ပြုလုပ်လျက်ရှိသလို ယင်းကလပ်ကိုလည်း ပိတ်ထားကာ ပိုးသတ်ဆေးဖျန်းခဲ့ကြောင်း တစ်ကိုယ်ရေ ကျန်းမာရေး နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနက ဆိုသည်။ 

ဒေသခံကျန်းမာရေးတာဝန်ရှိသူများက သက်ရောက်မှုရှိသော အားကစားကလပ်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ဘောလုံးကလပ်များဖြစ်သည့် Sparta Prague ၊ Bohemians 1905 နှင့် Dukla Prague တို့ကမူ ၎င်းတို့၏ အငယ်တန်းကစားသမားများနှင့် အရန်အဖွဲ့ဝင်များတွင် ရောဂါကူးစက်မှုများရှိကြောင်း ဒေသခံမီဒီယာသို့ အတည်ပြုခဲ့ကြသည်။ 

ချက်နိုင်ငံတွင် ဇူလိုင် ၂၂ ရက်ညပိုင်းအထိ COVID-19 ရောဂါဖြစ်ပွားသူ ၁၄,၄၄၈ ဦးနှင့် သေဆုံးသူ ၃၆၄ ဦး ရှိကြောင်း သိရသည်။  (Xinhua)