Connect with us

WORLD

ရုရှားနှင့်ယူကရိန်းတွင် တစ်ရက်အတွင်း ထပ်တိုး လူနာဦးရေ စံချိန်တင်မြင့်တက်၊ နိုင်ငံအချို့တွင် အဆင့်မြင့်အရာရှိများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ရုရှားနိုင်ငံ မော်စကိုမြို့ ဆင်ခြေဖုံးရပ်ကွက် Kommunarka ရှိ ဆေးရုံတစ်ခု၏ မြင်ကွင်းအား နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ်(Photo by Alexander Zemlianichenko Jr/Xinhua)

ပေကျင်း၊နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ရုရှားနှင့်ယူကရိန်းတွင် တစ်ရက်အတွင်း ထပ်တိုး လူနာဦးရေ စံချိန်တင်မြင့်တက်ခဲ့ကြောင်းနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် အဆင့်မြင့်အရာရှိကြီးများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း နိုဝင်ဘာ ၄ ရက် သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ နိုဝင်ဘာ ၄ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) ၁၆ နာရီအထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၄၃၆,၀၆၈ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၇,၀၈၄ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၄၇,၃၆၂,၃၀၄ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၂၁၁,၉၈၆ ဦး ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် နိုဝင်ဘာ ၅ ရက် ၇ နာရီ ၂၄ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၄၇,၉၃၈,၅၇၈ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၂၂၂,၀၇၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၉,၄၇၂,၅၄၈ ဦး နှင့် သေဆုံးသူ ၂၃၃,၅၉၆ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

ရုရှားနိုင်ငံ ကပ်ရောဂါကာကွယ်ရေးညွှန်ကြားမှုဌာန၏ နိုဝင်ဘာ ၄ ရက် သတင်းများအရ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရုရှားတွင် ကိုဗစ်အသစ်ထပ်တိုးလူနာနှင့် အသစ်ထပ်တိုးသေဆုံးသူ လူနာအရေအတွက်သည် စံချိန်တင်အဖြစ် ၁၉,၇၆၈ဦးနှင့် ၃၈၉ ဦး အသီးသီးရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၁,၆၉၃,၄၅၄ ဦး၊ စုစုပေါင်း သေဆုံးသူ ၂၉,၂၁၇ ဦး ရှိပြီကြောင်း သိရသည်။ ရုရှား ကျန်းမာရေးဝန်ကြီးလက်ထောက်အရာရှိ Alexey Kuznetsovက ရောဂါပြန့်ပွားမှုကို တားဆီးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ လက်ရှိ အခက်အခဲမှာ ဆေးရုံ၏ခံဝန်အားကျော်လွန်နေခြင်းနှင့် ကျန်းမာရေးဝန်ထမ်းအင်အား လိုအပ်နေခြင်း ဖြစ်ကြောင်း ဆိုသည်။

ယူကရိန်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီက အသစ်ထပ်တိုးအတည်ပြုလူနာ ၉,၅၂၄ ဦး ရှိရာ ၎င်းမှာ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း တစ်ရက်အတွင်း ထပ်တိုးလူနာ၏အများဆုံး စံချိန်ဖြစ်ကြောင်း ယူကရိန်း ကျန်းမာရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၄ ရက် သတင်းများအရ သိရသည်။ ယူကရိန်းတွင် စုစုပေါင်းအတည်ပြုလူနာ ၄၂၀,၆၁၇ ဦး ၊ စုစုပေါင်း သေဆုံးသူ ၇,၇၃၁ ဦး၊ စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ ၁၇၆,၄၀၄ ဦးရှိကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအကြံပေးစင်တာကို နိုဝင်ဘာ ၂ ရက်တွင် ဖွင့်လှစ်ခဲ့ရာ မေးမြန်းရန် ဆက်သွယ်လာသည့် ဖုန်းအကြိမ်အရေသည် ၁ သောင်းကျော်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အသီးသီး အစိုးရနှင့်ပညာရှင်များအား မြို့နေပြည်သူများ ပြောကြားသည့် အခက်အခဲများကို အတူ ဖြေရှင်းပေးရန် ညှိနှိုင်းပြောကြားထားကြောင်း ယူကရိန်း ကျန်းမာရေးဝန်ကြီး Maksym Stepanovက နိုဝင်ဘာ ၄ ရက်က ပြောကြားခဲ့သည်။
ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ဖြတ်တောက်တားဆီးရန်အတွက် အစိုးရက weekend quarantine အစီအမံများ လုပ်ဆောင်ကာ စားသောက်ဆိုင်၊ အပန်းဖြေနေရာများ၏ ဖွင့်လှစ်ချိန်နှင့် ဝန်ဆောင်မှုပုံကို ကန့်သတ်မှုများ ဆောင်ရွက်ပြီး အချို့နေရာများကို ရပ်နားထားရန် စဉ်စားလျက်ရှိကြောင်း သိရသည်။

ရိုမေးနီးယားနိုင်ငံ ပို့ဆောင်ရေး၊အခြေခံအဆောက်အဦနှင့်ဆက်သွယ်ရေး ဝန်ကြီး Bode ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွင် positiveဖြစ်ခြင်းကြောင့် အိမ်တွင် သီးခြားနေထိုင်လျက်ရှိကြောင်း ၎င်းကိုယ်တိုင် နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။ “နိုဝင်ဘာ ၄ ရက် နေ့ပိုင်းလောက်က ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုခံယူခဲ့တာပါ။ ညအဖြေရတော့ positiveဖြစ်နေတယ်။ လက်ရှိ ဘာလက္ခဏာမှမပြပါဘူး။ ကောင်းလာမယ်လို့ ယုံကြည်တယ်”ဟု Bodeက ၎င်း၏လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘူလ်ဂေးရီးယားနိုင်ငံ နိုင်ငံခြားရေး ဒုတိယဝန်ကြီး Doykovသည် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွင် positiveဖြစ်ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Ekaterina Zahariev တို့သည်လည်း မိမိဘာသာသီးခြားနေထိုင်၍ ကျန်းမာရေးစောင့်ကြည့်လျက်ရှိကြောင်း ဘူလ်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီးစဉ်လာရောက်သည့် ဟန်ဂရီနိုင်ငံ နိုင်ငံခြားရေးနှင့်စီးပွားရေးဝန်ကြီး Péter Szijjártóတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးAnutin Charnvirakul က နိုဝင်ဘာ ၄ ရက် မြို့တော် ဘန်ကောက်အနီး နွန်ထဘူရီပြည်နယ်တွင် ပြောကြားခဲ့သည်။

University of South Australia(UniSA) သုတေသီများနှင့် အီတလီသုတေသီများက Beta blockers တစ်မျိုးသည် အဆုတ်ကင်ဆာပြန့်ပွားမှုကို ထိန်းချုပ်ကုသရာတွင် အထောက်အကူပြုရာ ကိုဗစ်ရောဂါကုသမှုတွင်လည်း အထောက်အပံ့ဖြစ်နိုင်သည်ကို တွေ့ရှိရကြောင်း UniSA က ပြီးခဲ့သည့်ရက်များတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ သက်ဆိုင်ရာ စာတမ်းကို Frontiers in Immunology ဂျာနယ်တွင် ထုတ်ပြန်ထားပြီးဖြစ်ရာ အဆိုပါသုတေသန တွေ့ရှိမှုကို အတည်ပြုရန် လက်တွေ့စမ်းသပ်ကုသမှုများလုပ်ဆောင်ရန် တိုက်တွန်းကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.