Connect with us

WORLD

အမေရိကန်နိုင်ငံ၌ ပြီးခဲ့သောနှစ် ဒီဇင်ဘာ လလယ်ပိုင်းကတည်းက ကိုရိုနာဗိုင်းရပ်စ်ရှိနေခြင်းဖြစ်နိုင်ကြောင်း သုတေသန လေ့လာချက် တွေ့ရှိ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် နှာခေါင်းစည်းတပ်ဆင် သွားလာနေသူတစ်ဦးအား အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အမေရိကန်နိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC)မှ သုတေသီများက အမေရိကန်နိုင်ငံရှိ သွေးနမူနာများကို စစ်ဆေးလေ့လာကြည့်ရာတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ လလယ်ပိုင်းမှစ၍ လူအချို့တွင် ကိုရိုနာဗိုင်းရပ်စ်ခုခံအား ရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဤနောက်ဆုံးလေ့လာ တွေ့ရှိမှုကို နိုဝင်ဘာ ၃၀ ရက်ထုတ် Clinical Infectious Diseases ဂျာနယ်တွင် ရေးသား ဖော်ပြခဲ့သည်။အမေရိကန်နိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC)မှ သုတေသီများက ၎င်းတို့၏ နောက်ဆုံးလေ့လာ တွေ့ရှိချက်ကို “အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံသည့် လူနာသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ရှိနေပြီဖြစ်နိုင်ရာ ထိုမတိုင်မီ တွေ့ရှိရသည်ထက် စောနိုင်သည်” ဟု ကောက်ချက်ပြုရေးသားထားကြောင်း သိရသည်။

CDCသုတေသီများက အမေရိကန်နိုင်ငံ ကြက်ခြေနီအသင်း၏ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၃ ရက်မှ ယခုနှစ် ဇန်နဝါရီ ၁၇ ရက်အထိ ကာလအတွင်း ပြည်နယ် ၉ ခုမှ ရယူထားသော သွေးနမူနာ ၇,၃၈၉ ခုကို သုတေသနပြုလေ့လာခဲ့ခြင်း ဖြစ်သည်။လေ့လာမှု ရလဒ်များအရ သွေးနမူနာ ၁၀၆ ခုတွင် ကိုရိုနာဗိုင်းရပ်စ်ခုခံအား ပါဝင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ၎င်းတို့အနက် နမူနာ ၃၉ ခုကို ရယူထားသည့်အချိန်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၆ ရက် အတွင်းဖြစ်ပြီး ကယ်လီဖိုးနီးယား၊ အော်ရီဂွန်နှင့် ဝါရှင်တန် တို့မှ ဖြစ်ကြောင်း သိရသည်။

ဤတွေ့ရှိမှုကြောင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလလယ်ပိုင်းကတည်းက အမေရိကန်နိုင်ငံ အနောက်ဘက်ပင်လယ်ကမ်းရိုးတန်းဒေသတွင် ဟိုဟိုဒီဒီ အနည်းငယ် ရှိနေပြီဖြစ်ကြောင်း သုတေသီများက ယူဆကြသည်။ ကိုရိုနာဗိုင်းရပ်စ် ခုခံအားပါဝင်သည့် ကျန်သွေးနာမူနာ ၆၇ ခုသည် ဒီဇင်ဘာ ၃၀ ရက် မှ ယခုနှစ် ဇန်နဝါရီ ၁၇ ရက်အတွင်း မက်ဆာချူးဆက်ပြည်နယ်၊ မီချီဂန်ပြည်နယ်၊ ဝစ္စကွန်းဆင်းပြည်နယ်စသည်တို့မှ ရယူခြင်းဖြစ်ကြောင်း သိရသည်။ CDCသုတေသီများ၏ ပြောဆိုချက်များအရ ထိုသို့ တွေ့ရှိသည့်အချိန်သည် အမေရိကန်၌ ပထမဆုံး COVID-19 လူနာ တွေ့ရှိခဲ့သည့် ဇန်နဝါရီ ၁၉ ရက်ထက်စောကြောင်း သိရသည်။(Xinhua)