Connect with us

WORLD

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် အီတလီနိုင်ငံ မြောက်ပိုင်းမှစတင်ခဲ့ခြင်းဖြစ်ကြောင်း ဂျာမန် ရောဂါပိုးမွှားဗေဒပညာရှင် ပြောကြား

အီတလီနိုင်ငံ ရောမမြို့ Ostia ရပ်ကွက်တွင် နှာခေါင်းစည်းတပ်ဆင်ကာ လမ်းသွားနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ယခုအခါ ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်၏ ၉၉.၅ ရာခိုင်နှုန်းခန့်သည် အီတလီနိုင်ငံ မြောက်ပိုင်းမှ ဗီဇပြောင်းမျိုးကွဲတစ်ခုဖြစ်ကြောင်း ဂျာမန် ရောဂါပိုးမွှားဗေဒပညာရှင် Alexander Kekule က ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း လှည့်ပတ်ပျံ့နှံ့လျက်ရှိသည့် ဗိုင်းရပ်စ် ကို G မျိုးကွဲဟု ခေါ်ဆိုကြကြောင်းနှင့် ၎င်းသည် ယခုအခါ ဝူဟန့်မျိုးကွဲထက် ပိုမို၍ကူးစက်နှုန်းမြင့်မားကြောင်း ZDF ဂျာမန် ပြည်သူ့အသံလွှင့်ဌာနက နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်လွှင့်ခဲ့သည့် Markus Lenz အစီအစဉ်၌ Kekule က ပြောကြားခဲ့သည်။

အီတလီနိုင်ငံ ဘိုလော့နာမြို့ရှိ ဆေးရုံတစ်ရုံ၏ COVID-19 အဆောင်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

Kekule သည် ၁၉၉၉ ခုနှစ်ကတည်းက Halle-Wittenberg တက္ကသိုလ်၏ ဆေးဘက်ဆိုင်ရာ အဏုဇီဝဗေဒနှင့် ရောဂါပိုးမွှားဗေဒ ပါမောက္ခနှင့် Clinic Halle တက္ကသိုလ် ဆေးဘက်ဆိုင်ရာ အဏုဇီဝဗေဒ အင်စတီကျု၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ယခုနှစ်အစောပိုင်းက ဗိုင်းရပ်စ်၏ မူလအရင်းအမြစ်ကို ရှာမတွေ့နိုင်သော ရောဂါဖြစ်ပွားမှုတစ်ခု အီတလီနိုင်ငံ မြောက်ပိုင်းတွင် ရက်သတ္တပတ်ပေါင်းများစွာ ဖြစ်ပွားခဲ့ကြောင်း၊ ရောဂါရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည့် ဖေဖော်ဝါရီလတိုင်အောင် ပိုမိုကူးစက်မြန်သော မျိုးကွဲတစ်ခု ထွက်ပေါ်လာပြီး ဗိုင်းရပ်စ်သည် ယင်းဒေသအတွင်း ပျံ့နှံ့ရန် အချိန်လုံလုံလောက်လောက် ရရှိခဲ့ကြောင်း ၎င်းက တွေ့ဆုံမေးမြန်းမှု တစ်ခုတွင် ပြောကြားခဲ့သည်။
အဆိုပါဗိုင်းရပ်စ်သည် အီတလီနိုင်ငံ မြောက်ပိုင်းမှတစ်ဆင့် အမေရိကန်နိုင်ငံနှင့် ဥရောပသို့ ကူးစက် ပျံ့နှံ့သွားခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်သည် တရုတ်နိုင်ငံက ဗိုင်းရပ်စ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်အချိန်ကာလအတွင်းဖြစ်ကြောင်း သိရသည်။

အီတလီနိုင်ငံ တူရင်းမြို့ရှိ Juventus’ Allianz အားကစားရုံတွင် အီတလီ တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကပ်ရောဂါစတင်ပျံ့နှံ့သည့်နေရာသည် ဝူဟန့်မြို့မှ မဟုတ်ကြောင်း၊ ဗိုင်းရပ်စ်မျိုးရိုးဗီဇလက္ခဏာ ဆန်းစစ်လေ့လာချက်အရ ကမ္ဘာတစ်ဝန်းပျံ့နှံ့နေသော ဗိုင်းရပ်စ်၏ ၉၉.၅ ရာခိုင်နှုန်းမှာ အီတလီနိုင်ငံ မြောက်ပိုင်းမှ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ယခုအခါ ခြေရာခံနိုင်ခဲ့ပြီဆိုသည်ကို သိပ္ပံပညာရှင်များအနေဖြင့် သေချာအောင်လုပ်ဆောင်သင့်ကြောင်း Kekule က ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.