Connect with us

News

သစ်တောပြုန်းတီးမှုမှ ကာကွယ်ရန် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများက မီးပုံးပျံအသုံးပြု၍ မျိုးစေ့များကြဲချ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မီးပုံးပျံဖြင့် မျိုးစေ့ကြဲခြင်းဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- Green Challenge)

ရန်ကုန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ မြူများကျဆင်းလျက်ရှိသည့် နံနက်ခင်းတစ်ခုတွင် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများက မျိုးစေ့များကြဲချမည့် မီးပုံးပျံတစ်ခုကို ဝိုင်းဝန်းစုပေါင်းပြင်ဆင်၍လွှတ်တင်ခဲ့ကြသည်။ယင်းနံနက်ခင်းမှာပင် တစ်ချို့လူများက လမ်းဘေးဝဲရာတွင် သစ်ပင်စိုက်ပျိုးလျက်ရှိသလို တစ်ချို့လူများက တောင်ကြားထဲသို့ လောက်လေးဂွများဖြင့် Seed Ball (မျိုးစေ့အားအပင်ပေါက်ရန် ပြုလုပ်ထားသောအလုံး) များပစ်ထည့်နေကြသူများလည်းရှိသည်။

Green Challenge Association မှ ဥက္ကဋ္ဌ ဦးအောင်မျိုးပိုင်က “ကျွန်တော်တို့ Green Challenge အဖွဲ့အနေနဲ့ ၂၀၂၃ ခုနှစ် ဩဂုတ် ၅ ရက် မှာ မီးပုံးပျံနဲ့ မျိုးစေ့ကြဲခဲ့ကြပါတယ်။ မီးပုံးပျံနှင့် မျိုးစေ့ကြဲချတဲ့ Idea ကတော့ ပြင်ဦးလွင်မှာဆိုရင် တန်ဆောင်တိုင်မှာ မီးပုံးပျံပွဲတွေလုပ်တာကနေ စပြီးတွေးမိတာပါ။ ကျွန်တော်တို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အပင်တွေစိုက်တဲ့အခါမှာ မျိုးစေ့တွေကိုလည်း မီးပုံးပျံကနေ တစ်ဆင့်ကြဲချမယ်ဆိုတဲ့ အတွေးပေါ့။ ဘာလို့လဲဆိုတော့ မီးပုံးပျံသွားတဲ့လမ်းကြောင်းတစ်လျှောက်ပေါ့။ လူမရောက်တဲ့ နေရာတွေမှာ မီးပုံးပျံရောက်သွားမှာကိုး။ ကြဲချရင်ရနိုင်လောက်မယ်ဆိုပြီး ၂၀၁၉ ခုနှစ် မှာစတင်စမ်းသပ်ခဲ့ကြတာပါ” ဟု ဆင်ဟွာသို့ ဩဂုတ် ၁၇ ရက်က ပြောသည်။

သစ်ပင်များကို လူသူအရောက်အပေါက်များသည့် နေရာများတွင် စိုက်ပျိုးသည့်အခါ ကျွဲ၊ နွား တိရစ္ဆာန်များ ကြောင့်ပျက်စီးခြင်း၊ လူများခုတ်ယူခြင်းများ ရှိကြောင်း၊ ထို့ကြောင့် လူသူအရောက်အပေါက်နည်းသော၊ သွားလာခက်ခဲသည့် နေရာများသို့ မျိုးစေ့များရောက်ရှိရန် ရည်ရွယ်၍ ယခုကဲ့သို့ မီးပုံးပျံဖြင့် မျိုးစေ့များကြဲရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

သစ်ပင်စိုက်ပျိုးခြင်း

မြန်မာနိုင်ငံအပါအဝင်၊ တစ်ကမ္ဘာလုံး၌ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် သစ်တောစိုက်ခင်းများ ဆောင်ရွက်ခြင်း၊ သစ်တောများထိန်းသိမ်းခြင်း၊ သစ်ပင်များစိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။မြန်

မာနိုင်ငံသည် သစ်တောပြုန်းတီးမှုအား ကာကွယ်သည့်အနေဖြင့် ၂၀၂၃ ခုနှစ်တွင် သစ်ပင်ပေါင်း ၂၄.၆၁၉ သန်း စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာနက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လက သတင်းထုတ်ပြန်ခဲ့သည်။

ဦးအောင်မျိုးပိုင်က “အခုကမ္ဘာကြီးက ပူနွေးနေတယ်ပေါ့။ အဲဒီအကျိုးဆက်ကို တစ်ကမ္ဘာလုံးခံစားနေရပါတယ်။ ကျွန်တော်တို့နိုင်ငံလည်း ခံစားရတာပဲ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး၊ အောက်ဆီဂျင်ထုတ်ပေးတဲ့ သစ်ပင်တွေကို နည်းလမ်းမျိုးစုံနဲ့ စိုက်ပျိုးကြတဲ့အထဲကမှ မီးပုံးပျံနဲ့ စိုက်ပျိုးခြင်းနည်းလမ်းတစ်ခုကိုလည်း ကျွန်တော်တို့အဖွဲ့က ရွေးချယ်ခဲ့ရတာပါ” ဟု ပြောသည်။

Seed Ball ပြုလုပ်ခြင်း

မျိုးစေ့များ ချက်ခြင်းပျက်စီးမသွားဘဲ ရှင်သန်ပေါက်ရောက်နိုင်စေရန် Seed Ball များကို ဦးစွာပြုလုပ်ကြရကြောင်း သိရသည်။
ဦးအောင်မျိုးပိုင်က “ Seed Ball လုပ်တဲ့ပုံစံကတော့ မျိုးစေ့အလွတ်လေးတွေကို မြေဆွေးရယ်၊ ကောက်ရိုးရယ်၊ နောက်ချေးရယ်၊ ရွှံ့စေးရယ်ရောပြီး လောက်စလုံး ပုံစံနဲ့လုံးထားရပါတယ်။ ပြီးရင် ၃ ရက်လောက်အခြောက်လှန်းရပါတယ်” ဟု ပြောသည်။
မီးပုံးပျံနှင့် မျိုးစေ့များကြဲချသည့်အခါ လူများ၏ စိတ်ဝင်စားမှု ပိုမိုရရှိကာ ယင်းသို့မျိုးစေ့ကြဲသည့် နေရာအထိ လိုက်ပါ ကြည့်ရှုကြကြောင်း သိရသည်။ ထိုကဲ့သို့ လိုက်ပါကြည့်ရှုသူများကိုပါ Seed Ball လေးများကို လေးဂွ နှင့် ပစ်ခြင်းကိုပါပူးတွဲဆောင်ရွက်ကြောင်း သိရသည်။

မီးပုံးပျံပြုလုပ်ခြင်း၊လွှတ်တင်ခြင်း

မီးပုံပျံပြုလုပ်သည့်အခါ မှိုင်းနှင့် အပေါ်သို့ တက်သွားစေရန် ပြုလုပ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တို့၏ မီးပုံးပျံလွှတ်တင်သည့် စနစ်ကို အခြေခံ၍ ဆောင်ရွက်ထားကြောင်း သိရသည်။

“အဲဒီညဘက်မှာ မီးပုံးလွှတ်တဲ့စနစ်ကို အခြေခံပြီး ကျွန်တော်တို့က မီးရှုးနေရာမှာ မီးရှုးမထည့်ပဲနဲ့ Seed Ball လေးတွေကို အပ်ချည်ကြိုးလေးတွေနဲ့ ချည်ပြီးထည့်လိုက်တာပါ။ idea ကတော့ မီးပုံးပျံလွှတ်တင်ရင်းနဲ့မှ ရတာပါ။ မီးပုံးပျံမှာပါသွားတဲ့ Seed Ball လေးတွေကိုကြတော့ မီးစာမှာ ကြိုးလေးတွေနဲ့ ချည်ထားတာပါ။ မီးစာလေးက တစ်မိနစ်ကို တစ်လက်မ မီးလောင်ပါတယ်။ မီးလောင်သွားရင် ကြိုးလေးက ပြတ်ပါပြီး မျိုးစေ့လေးတွေက သူ့ဘသာသူ ကျသွားတာပါ။ အဲဒီနည်းနဲ့ မျိုးစေ့ကြဲတာပါ” ဟု ဦးအောင်မျိုးပိုင်က ဖြည့်စွက်ပြောကြားသည်။၎င်းမျိုးစေ့ကြဲသည့် မီးပုံးပျံမှာ တစ်ခါသုံးမီးပုံးပျံဖြစ်ပြီး မှိုင်းကုန်သွားသွားပါက မီးလောင်ပြီး ပျက်ကျသွားမည်ဖြစ်သည်။“လူစီးမီးပုံပျံကတော့ မှိုင်းကို စက်နဲ့ထည့်ပြီး လူစီးပခက်လေးငှားတာပါ။ ကျွန်တော်တို့ မျိုးစေ့ကြဲဖို့ မီးပုံးပျံလုပ်တဲ့အခါမှာ ရှမ်းမှိုင်းကိုင် စက္ကူနဲ့ လုပ်ရင် ၁၅ သိန်းကုန်ကျပါတယ်၊၊ ပလပ်စတစ်နဲ့ လုပ်ရင် ၇ သိန်းလောက်ကုန်ပါတယ်။သူက တစ်ခါသုံးမီးပုံးပျံပဲဖြစ်ပါတယ်” ၎င်းရှင်းပြသည်။

မီးပုံးပျံလွှတ်တင်သည့်အခါ Google Earth မှတစ်ဆင့် နေရာကို ရှာဖွေကြောင်း၊ လေကြောင်းအရ မည်သည့်နေရာသို့ မျိုးစေ့ကျရောက်နိုင်သည်ကို ခန့်မှန်း၍ လွှတ်တင်ရကြောင်း သိရသည်။“မီးပုံးပျံလွှတ်တင်ပြီး ပေ ၃၀၀ လောက်အမြင့်ရောက်ပြီဆိုရင် Seed Ball လေးတွေကို စပြီးကြဲပါပြီ။ မီးစာတပ်ပေးလိုက်တဲ့ အနေအထားအရ မျိုးစေ့ကြဲတဲ့ မီးပုံးပျံက ပေ ၁,၀၀၀ လောက်အထိပဲ တက်နိုင်ပါတယ်။ ပေ၁,၀၀၀ ထက်မကျော်နိုင်ပါဘူး။ မီးစာအများကြီးတပ်လိုက်ရင်ကျတော့ ပေ ၂,၀၀၀ လောက်အထိ တက်သွားပြီး တခြားဒေသကို ရောက်သွားနိုင်တဲ့အတွက် ကိုယ်လွှတ်တဲ့နေရာအထိပဲ ရောက်စေချင်လို့ မီးစာသေးသေးပဲတပ်ပါတယ်။ ဒါကြောင့် မျိုးစေ့ကြဲမီးပုံးပျံက ၁၀ မိုင်ပတ်လည်လောက်အထိ ရောက်ပါတယ်” ဟု ၎င်းက မီးပုံးပျံသွားရောက်ရှိနိုင်သည့် အနေအထားကိုရှင်းပြသည်။

ထင်း၊ မီးသွေးအသုံးပြုကြခြင်း

မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်တွင် နေထိုင်ကြသည်ဟုဆိုပြီး ထိုကျေးလက်နေ ပြည်သူအများစုမှာ ထမင်း၊ ဟင်း ချက်ပြုတ်ကြသည့်အခါတွင် ထင်းနှင့် မီးသွေးကို အဓိက အသုံးပြုကြကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသများ၌ မီးရှို့၍ တောင်ယာလုပ်ကိုင်ကြသူများလည်းရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ရွှေဝါထွန်းကျေးရွာတွင် နေထိုင်သည့် မမာမာက “ရွာမှာက လျှပ်စစ်မီးမမှန်တော့ ထင်းကို အများဆုံးသုံးပါတယ်။ ထင်းကို သိပ်တော့ ဝယ်မသုံးပါဘူး။ ရွာထဲက အပင်တွေရှိတော့ ခုတ်ပြီး ထင်းအဖြစ် သုံးကြပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ ဩဂုတ် ၂၀ ရက်တွင် ပြောသည်။
ရှမ်းပြည်နယ်၊ တာကော် ၇မိုင် ကျေးရွာတွင်နေထိုင်သူ မနန်းဆိုင်ဟွမ်က “ရွာကတော့ မီးကအချိန် နဲ့ရတော့ ဟင်းချက်ဖို့ကို ထင်းနဲ့ မီးသွေးကို အဓိကသုံးတာပေါ့။ ထင်းကို ဈေးထဲက ဝယ်သုံးကြပါတယ်။ တစ်ချို့ကတော့ ထင်းသုံးဖို့ အပင်စိုက်ပျိုးမှ ထင်းကို အသုံးပြုကြတာလည်းရှိပါတယ်။ တောင်ယာမီးရှို့တာတွေက တော့ မတ်လ နဲ့ ဧပြီလမှာ တောင်ယာစိုက်သူတွေ လုပ်လေ့ရှိပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ ဩဂုတ် ၂၀ ရက်တွင် ပြောသည်။

မီးပုံးပျံဖြင့် မျိုးစေ့ကြဲသောကြောင့် ရရှိသည့် အကျိုးကျေးဇူး

“လူမရောက်တဲ့နေရာ၊ လူလက်နဲ့ စိုက်ဖို့ ခက်ခဲတဲ့နေရာကို မျိုးစေ့ရောက်သွားတာပေါ့။ မီးပုံးပျံက ကောင်းကင်ကို တက်ပြီး အပေါ်လေနဲ့ တည့်တည့်သွားလို့ရတယ်။ မြန်မာနိုင်ငံမှာတော့လေက မြောက်ဘက်သွားတာပေါ့။ စက္ကူလေထီးလေးတွေလည်း မီးပုံးပျံမှာ တပ်ပေးလိုက်တော့ ကိုက် ၁,၀၀၀ လောက်အထိ ပျံသွားပြီး မျိုးစေ့ရောက်မှာပေါ့” ဟု ဦးအောင်မျိုးပိုင်က ပြောသည်။

ယင်းသို့ မျိုးစေ့ကြဲလိုက်သည့် အပင်များကို ပြန်လည်၍ ဆန်းစစ်သည့်အခါ မျိုးစေ့ပေါင်း ၁၀၀,၀၀၀ ကြဲပါက ၁၀ ရာခိုင်နှုန်းခန့် ရှင်သည်ကို တွေ့ရှိရကြောင်း ဦးအောင်မျိုးပိုင် ၏ ပြောကြားချက်အရ သိရသည်။

သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်းသဘာ

ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာတွင် လူသားအားလုံးဝိုင်းဝန်း၍ ထိန်းသိမ်းရန် လိုအပ်ကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဒေါ်ဒေဝီသန့်စင် က “အခု ကမ္ဘာကြီးက ပူနွေးတဲ့ အဆင့်မဟုတ်တော့ဘူး ဆူပွက်တဲ့အဆင့်ရောက်နေပြီဆိုပြီး တချို့ပညာရှင်တွေက ပြောနေကြပြီ။ ကမ္ဘာမှာလည်း Green Transition က အရေးကြီးလာပြီ။ ဒီတော့ ကျွန်မတို့က Green Generation ကိုမွေးထုတ်ရမယ့် အချိန်ရောက်ပြီ။ အခုလို အဖွဲ့လိုက် တစ်ပိုင်တစ်နိုင် သစ်ပင်စိုက်တာကောင်းပါတယ်။ ကျွန်မတို့လိုနိုင်ငံမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက အရမ်းလိုအပ်ပါတယ်။ဒါကြောင့် အပင်စိုက်တာက ဘယ်သူပဲလုပ်လုပ် အုတ်တစ်ချပ်၊ သဲတစ်ပွင့်တော့ ဖြစ်သွားမှာပဲလို့ ထင်ပါတယ်” ဟု ဆင်ဟွာသို့ ဩဂုတ် ၁၈ ရက်တွင်ပြောသည်။

ဥပဒေ

ခွင့်ပြုမိန့်မရရှိဘဲ ကျွန်းနှင့် တားမြစ်သစ်ပင်မှအပ အခြားသစ်ပင်မှ ထွက်ရှိသော သစ်များအား ထုတ်ယူခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်း သို့မဟုတ် တရားမဝင် လက်ဝယ် ထားရှိခြင်း၊သစ်တောနယ်မြေအတွင်း ခွင့်ပြုမိန့်မရရှိဘဲ ကျွန်းနှင့်တားမြစ်သစ်ပင်မှအပ မည်သည့် သစ်ပင်ကိုမဆို ပျက်စီးစေခြင်း၊ သင်းသတ်ခြင်း၊ ခုတ်လှဲခြင်း၊ ပိုင်းဖြတ်ခြင်း၊ ဖောက်ထွင်းခြင်း၊ (ဂ) ပုဒ်မ ၁၈၊ ပုဒ်မခွဲ (စ) အရ ထုတ်ယူသော သစ်တောထွက်ပစ္စည်းကို ရောင်းချခြင်း သို့မဟုတ် အခြားလုပ်ငန်း၌ လွှဲပြောင်းသုံးစွဲခြင်း၊ သစ်တောနယ်မြေအတွင်း သစ်တောများကို မီးဖြင့် ပျက်စီးစေခြင်း၊ ဝန်ကြီးဌာနက စိုက်ပျိုးတည်ထောင်ထားသော သစ်တောစိုက်ခင်းကိုဖြစ်စေ၊ ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်က စိုက်ပျိုးတည်ထောင်ထားသော သစ်တောစိုက်ခင်းကိုဖြစ်စေ ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေခြင်း၊ ခွင့်ပြုမိန့်မရရှိဘဲ မီးသွေးဖိုတည်ထောင်ခြင်း သို့မဟုတ် မီးသွေးဖုတ်ခြင်းတို့ ပြုလုပ်ပါက ထိုသူအား နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်း အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည် ဟု ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ထားသော သစ်တောဥပဒေတွင် ပါရှိသည်။ (Xinhua)