Connect with us

Media

သုံးနှစ်ကြာရပ်နားခဲ့သည့် တောင်ကြီးမြို့တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ အထိ ပြန်လည်ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

သုံးနှစ်ကြာရပ်နားခဲ့သည့် တောင်ကြီးမြို့တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ အထိ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၂၅ ရက်တွင်ပြောသည်။

ဦးခွန်သိန်းမောင်က “ပြီးခဲ့တဲ့ကာလတွေက ကိုဗစ်ကပ်ရောဂါကြောင့် မဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်က ရှမ်းပြည်နယ်မှာ နှစ်စဉ်ကျင်းပနေတဲ့ ရိုးရာပွဲတော်ဖြစ်တယ်။ ကိုဗစ်ကပ်ရောဂါကလည်း ကင်းစင်သလောက်ဖြစ်နေပြီမို့ ကျွန်တော်တို့ အနေနဲ့ ပြန်လည်ကျင်းပတာဖြစ်ပါတယ်” ဟုပြောသည်။
တောင်ကြီးမြို့တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး သုံးနှစ်ကြာ ရပ်နားပြီးနောက် ယခုနှစ်တွင်မှ ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက “အခုဒီနှစ်မှာတော့ အစိုးရက ဦးစီးဦးဆောင်လုပ်ပြီး ပြန်လည်ကျင်းပတာပေါ့။ အဓိက ပြန်လည်ကျင်းပတဲ့ရည်ရွယ်ချက်ကတော့ ရိုးရာအမွေအနှစ်တွေကို ပြန်လည်ထိန်းသိမ်းတာရယ်၊ ရှမ်းပြည်နယ်မှာရှိတဲ့ အခြေခံလူမှုစီးပွားကို ပြန်လည်မြှင့်တင်တာရယ်၊ ပြည်တွင်းပြည်ပ ဧည့်သည်တွေကို ပြန်လည်ဖိတ်ခေါ်တဲ့အနေနဲ့ ဒီပွဲတော်ကို ပြန်လည်ကျင်းပတာဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၂၅ ရက်တွင်ပြောသည်။

တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ပွဲတော်မှာတော့ ကျွန်တော်တို့ ခါတိုင်းဆောင်ရွက်နေကျ ညမီးကြီးမီးပုံးပျံတို့၊ ရောင်စုံမီးပန်းတို့၊ မသိုးသင်္ကန်းရက်လုပ်ခြင်းပါမယ်။ သင်္ကန်းကပ်လှူတာတွေပါမယ်။ ညလွှတ်မီးပုံးပျံက ၆၃ လုံးလွှတ်တင်ယှဉ်ပြိုင်မှာပါ။ ညမီးမှာ ရောင်စုံမီးပန်းက အားလုံးပေါင်း ၃၈ လုံးပေါ့။ ဘေးမှာမီးပုံးလေးတွေချိတ်ပြီး လွှတ်တဲ့ စိန်နားပန်မီးပုံးပျံက ၂၅ လုံးလွှတ်တင်မယ်လို့ စာရင်းပေးထားတာရှိပါတယ်” ဟု ဦးခွန်သိန်းမောင်ကပြောသည်။

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်သည် မြန်မာနိုင်ငံ၏ အထင်ကရ ပွဲတော်များထဲမှ တစ်ခုအပါအဝင် ဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ လာရောက်ဆင်နွှဲကြသည့်အပြင် ပြည်တွင်း ပြည်ပဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လေ့ရှိသော ပွဲတော်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။

“အခုဒီပွဲက ဘာသာရေးပွဲဖြစ်တယ်။ ကုသိုလ်ပွဲပေါ့။ ကထိန်သင်္ကန်းကပ်လှူတာပါမယ်။ မသိုးသင်္ကန်းရက်လုပ်ပြီးတော့ ကပ်လှူတာပါမယ်။ မီးပုံးပျံပွဲကတော့ ရိုးရာဓလေ့ဆောင်ရွက်တာဖြစ်လို့ မျိုးဆက်သစ်လူငယ်တွေက ရိုးရာဓလေ့ကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ပါတယ်။ နောက်ပြီးတော့ ခရီးသွားလုပ်ငန်းတွေကိုလည်း အကျိုးပြုမှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းပြန်လည် လည်ပတ်တာနဲ့အတူ ဆက်စပ်တဲ့ လူမှုစီးပွား ဘဝတွေကိုလည်း အကျိုးပြုမှာဖြစ်ပါတယ်” ဟု ဦးခွန်သိန်းမောင်က ဖြည့်စွက်ပြောကြားသည်။

၂၀၂၃ ခုနှစ်တွင် တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်သာမက အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် ၄ ဆူသည် သီတင်းကျွတ်လဆန်း ၁ ရက် (အောက်တိုဘာ ၁၅ ရက်) မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် (နိုဝင်ဘာ ၁ ရက်)အထိ အင်းလေး ဒေသ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီ၍ အပူဇော်ခံမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ သိရသည်။
“တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော် ကျင်းပနေစဉ်မှာ လုံခြုံမှု၊ တရားဥပဒေစိုးမိုးမှုရှိဖို့ အတွက်နဲ့ ပွဲလာတဲ့ ပရိသတ်တွေ အန္တရာယ်ကင်းရှင်းအောင်၊ ဘေးအန္တရာယ်မရှိအောင် ကျွန်တော်တို့ စနစ်တကျစီမံချက်တွေ ရေးဆွဲပြီး ဆောင်ရွက်ထားပါတယ်” ဟု ဦးခွန်သိန်းမောင်က ပြောသည်။ (Xinhua)